CNI International News

ဝါရှင်တန်၊ မေလ ၂၇

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့တော်တွင် ပြုလုပ်သည့် ဟောပြောပွဲတစ်ခုတွင် သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) ကို ပရိသတ်များက အော်ဟစ် လှောင်ပြောင်ခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လွတ်လပ်မှုကို အဓိက တန်ဖိုးထားပြီး အစိုးရအဖွဲ့ကို အယုံအကြည်နည်းသည့် လစ်ဘာတေရီယမ်ဝါဒ (Libertarianism) ကို ဆုပ်ကိုင်ထားသူများက ထရမ့်ကို လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ထရမ့်သည် မဲဆွယ်စည်းရုံးပွဲများတွင် ၎င်း၏ ထောက်ခံသူများ၏ အားပေးထောက်ခံသံများနှင့် ဆန့်ကျင်ဘက်ဖြစ်ခဲ့သည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။

ထရမ့်သည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က COVID-19 ကာကွယ်ဆေးများကို အလောတကြီး ထုတ်လုပ်ရန်စီစဉ်မှု၊ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေး မထိုးနှံသူများနှင့်ပတ်သက်ပြီး ပြည်သူ့ ကျန်းမာရေးဆိုင်ရာ တားမြစ်ကန့်သတ်ချက်များအား အဆုံးသတ်ရန် မလုပ်ဆောင်ပေးခဲ့မှုအတွက် လစ်ဘာတေရီယမ်များက ဝေဖန်ခဲ့ကြသည်။

ထရမ့်သည် ဝါရှင်တန်တွင် ပြုလုပ်သည့် ဟောပြောပွဲ စင်မြင့်ထက်သို့ တက်လာချိန်တွင် လှောင်ပြောင် အော်ဟစ်သံများ တစ်ခဲနက် ထွက်ပေါ်လာခဲ့ပြီး ထရမ့်ကို ထောက်ခံသူ အနည်းစုကသာ သူ့ကို အားပေးခဲ့ကြသည်။

ဒေါ်နယ်ထရမ့်ကို အော်ဟစ်လှောင်ပြောင်နေသူကို တွေ့ရစဉ်

ထရမ့်စင်ပေါ် တက်လာချိန်နှင့် မရှေးမနှောင်းမှာပင် လစ်ဘာတေရီယမ်ပါတီဝင်တစ်ဦးက “ဒေါ်နယ်ထရမ့် ကျည်ဆန်တစ်တောင့်လောက် မှန်ခဲ့သင့်တယ်” ဟု ထအော်ခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က မှတ်ချက်ပေးရန် ရိုက်တာသတင်းဌာန၏ တောင်းဆိုချက်ကို ချက်ချင်း မတုန့်ပြန်ခဲ့ပေ။

၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ထရမ့်ကမူ နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ရမည့် သမ္မတဂျိုးဘိုင်ဒန် (Joe Biden)၏ အစိုးရအဖွဲ့ကို ဝေဖန် တိုက်ခိုက်ခဲ့သည်။

ထို့ပြင် ထရမ့်သည် လစ်ဘာတေရီယမ်များကို ချွေးသိပ်ရန် ကြိုးပမ်းခဲ့ပြီး အခွန်နှင့် အစိုးရအဖွဲ့ အရွယ်အစားနှင့် ပတ်သက်ပြီး ရီပတ်ဘလစ်ကန်ပါတီ၏ သဘောထားသည် ဒီမိုကရက်တစ်ပါတီထက် ပိုပြီး လစ်ဘာတေရီယမ် ပါတီနှင့် ပိုတူကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ တစ်ဖက်နဲ့ တစ်ဖက် မတိုက်ခိုက်သင့်ပါဘူး” ဟု ထရမ့်က ပြောကြားခဲ့ပြီး ဘိုင်ဒန်ကို အနိုင်ရရန် ၎င်းနှင့်အတူ လက်တွဲလုပ်ဆောင်ကြရန် လစ်ဘာတေရီယမ်များကို တိုက်တွန်းခဲ့သည်။

Source: ရိုက်တာ