CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၇

မိုးတွင်းကာလ ရောက်ရှိနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များသည် အကူအညီ အထောက်အပံ့များ မရရှိသည့်အတွက် စားဝတ်နေရေးနှင့် နေထိုင်ရေး အခက်အခဲ ရှိနေကြောင်း သိရသည်။

တချို့သော မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှု နည်းပါးသွားပြီ ဖြစ်သည့်အတွက် တိုက်ပွဲရှောင်တချို့ နေရပ်ပြန် သွားမှုများလည်း ရှိနေကြောင်း၊ ထိုသို့ နေရပ်ပြန်မှုများ ရှိနေခြင်းကြောင့် လူမှုကူညီရေး အသင်းအဖွဲ့များနှင့် အလွှာအသီးသီးက အဖွဲ့အစည်းများက လာရောက်လှူဒါန်းခြင်း မပြုတော့ခြင်းဖြစ်သည်ဟု တိုက်ပွဲရှောင်စခန်း တာဝန်ခံများက ပြောသည်။

အကူအညီ အထောက်အပံ့များ မရသည့်အပြင် တိုက်ပွဲရှောင်များမှာ အလုပ်အကိုင်များလည်း ရှားပါးသည့်အတွက် ပို၍ အခက်အခဲ ဖြစ်ကြရသည်ဟု မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစခန်း တာဝန်ခံ ဦးညီပုက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်တိုက်ပွဲအတွင်း ပျက်စီးသွားသော နေအိမ်များကိုတွေ့ရစဉ်

၎င်းက “အခုနောက်ပိုင်းတော့ ကျနော်တို့ဆီမှာ စစ်ဘေးရှောင်တွေကတော့ ထောက်ပံ့ငွေက မရတော့ဘူး။ အခု လောလောဆယ်ဆိုရင်တော့ ဒီဘက်ခြမ်းတွေမှာ တိုက်ပွဲတွေ ဘာတွေလည်း နည်းနည်း ကျဲနေတယ်လေ။ တချို့ ဆိုရင် အိမ်ပြန်တဲ့သူတွေက ပြန်သွားကြပြီ။ အဲဒီအတွက်ကြောင့် သူတို့တွေက မပေးတော့ဘူးတဲ့ အဲဒီလို ပြော တယ်။ အခုက ရှိတဲ့သူတွေကတော့ မိသားစုကတော့ ၁၀၀ ကျော်လောက် ကျန်သေးတယ်။ အဲဒီအထဲကမှ အဝေး ကလူတွေ။ အခုလောလောဆယ် နေတာကတော့ ဒီမှာ သွားစရာနေစရာ မရှိတဲ့သူတွေ။ အိုးအိမ်မဲ့တွေပေါ့ သူတို့ တွေပဲ ကျန်တော့တယ် အခုလောလောဆယ်ကတော့။ မိုးတွင်းကာလဆိုတော့လည်း အဆင်တော့ မပြေဘူးပေါ့။ အလုပ်အကိုင်လည်း မရှိဘူး။ မိုးတွေကြီးလာမယ်၊ လေတွေကြီးလာမယ်ဆိုလို့ရှိရင် အလုပ်အကိုင်က ရှားပါး။ အဲဒီ လိုဆိုလို့ရှိရင်တော့ စားဝတ်နေရေးက အခက်အခဲ တော်တော်ဖြစ်ကြမယ်။ ကယ်ဆယ်ရေးတွေ အထောက်အပံ့ တွေ မရတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် စားဝတ်နေရေးကို ရုန်းကန်နေရတဲ့ အခြေအနေမှာ တာပိုလိတ်တွေ ဘာတွေဆိုရင်လည်း အလှူရှင်တွေက မရှိ။ အခက်အခဲကတော့ တော်တော်ဖြစ်ကြတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် နယ်မြေထဲသို့ တိုက်ပွဲရှောင် ၅ သိန်းကျော် ရှိနေပြီး ၈၀ ရာခိုင်နှုန်းမှာ ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများဖြစ်၍ ၂၀ ရာခိုင်နှုန်းမှာ ရခိုင်လူမျိုးများဖြစ် ကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့နောက် အခြေခံ အစားအသောက်များ အပါအဝင် ကလေးအသုံးအဆောင်ပစ္စည်းများ၊ အမျိုးသမီး လစဉ်သုံး ပစ္စည်းများ လိုအပ်နေကြောင်း၊ လာမည့် မိုးရာသီအတွက် အမိုးအကာများနှင့် အိမ်သာများ အရေးတကြီး လိုအပ် နေကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများနှင့် စေတနာရှင် အသင်းအဖွဲ့များက ကူညီပေးကြရန် AA က တိုက်တွန်းထားသည်။

ထို့အပြင် တိုက်ပွဲရှောင်စခန်းများတွင် လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ ရှိနေခြင်းကြောင့် တချို့သော တိုက်ပွဲရှောင်စခန်းများမှ ထွက်ပြေးတိမ်းရှောင်နေကြမှုများလည်း ရှိနေသည်။

 ရခိုင်တိုက်ပွဲရှောင်များကို တွေ့ရစဉ်

တိုက်ပွဲရှောင်စခန်းများတွင် တိုက်ပွဲရှောင်များ မရှိတော့သည့်အတွက် ကူညီကယ်ဆယ် ထောက်ပံ့ရေး လုပ်ဆောင် မှုများလည်း မရှိတော့ကြောင်း၊ စခန်းမှတဆင့် တိမ်းရှောင်နေကြရသည့် တိုက်ပွဲရှောင်များမှာ ပို၍ အခက်အခဲ လာနေကြရသည်ဟု သိရသည်။

ထို့ကြောင့် တိုက်ပွဲရှောင်စခန်းများမှ တိမ်းရှောင် လာရသူများကိုလည်း ကူညီထောက်ပံ့ပေးစေလိုကြောင်း မြတန်ဆောင်း တိုက်ပွဲရှောင်စခန်းမှ ဒေါ်လှအေးစောက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အကူအညီက မရပါ။ ၄/၅ လရှိပြီ။ အဆင်မပြေဘူး၊ အခုဆိုရင် ကယ်ဆယ်ရေးမှာ မဟုတ်တော့ဘူး။ ကယ်ဆယ်ရေးမှာ မထားရဘူး။ ကယ်ဆယ်ရေး မရှိရဘူး။ ခက်ခဲတာပဲ။ ကယ်ဆယ်ရေးမှာဆိုတော့ ကိုယ့် အိမ်နဲ့ကိုယ် ဆောက်ထားကြတာ။ အခု အိမ်တွေက ပြိုလို့၊ အလုပ်ကမရှိ အကိုင်ကမရှိ စားဝတ်နေရေးက အဆင်မပြေဘူးလေ။ ရွာမှာနေတဲ့အခါလည်း အကူအညီ အထောက်အပံ့ လာပေးစေချင်ပါတယ်။ လူအုပ်အုပ် စုစု မနေရဘူး။ ကယ်ဆယ်ရေး မထားရဘူး။ ဘယ်သူပြောမှန်းမသိ အဲဒီလိုပြောလို့ ကယ်ဆယ်ရေးတွေ ဘာမှမရှိ ပျက်သွားပြီ။ မြောက်ဦးမှာ တိုက်ပွဲဖြစ်တယ်၊ လေယာဉ်တွေနဲ့လည်း ချတယ်။ မနေရဲဘူး ပြန်ထွက်ပြေးကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ပေါက်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့တွင် တိုက်ပွဲရှောင် သိန်းနှင့်ချီ၍ ရှိနေပြီး နေထိုင်ရေးနှင့် စားသောက်ရေးများ အခက်အခဲ ရှိနေသည်ဟု သိရသည်။