CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၃

မြန်မာနိုင်ငံ၏ အရေးအခင်းကို အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုများသာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်းအရေးကို ပြည်ပမှ ဝင်ရောက်ဖြေရှင်းရေး ကြိုးပမ်းမှုမှာ ၎င်းတို့၏ အကျိုးအမြတ်အတွက် ဖြစ်ကြောင်း၊ ကြားဝင်စေ့စပ်မှုအပေါ် လက်ခံခြင်း/လက်မခံခြင်းက ပြည်သူလူထုအပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။

ဒေါက်တာလှကျော်ဇောက “ကျမပြောမယ်ဗျ၊ ကျမတို့ ဗမာပြည်ရဲ့ အရေးအခင်းကို အဓိက အဆုံးအဖြတ်ပေးမှာ ဗမာပြည်သူလူထုပဲ၊ အဲဒီတော့ သက်ဆင်ဝင်ဝင်၊ ဟွန်ဆန်ဝင်ဝင် ဘယ်သူဝင်ဝင်ပါ။ သိပ်ပြဿနာ မရှိပါဘူး။ သူတို့ လည်း သူတို့ အကျိုးစီးပွားပေါ်ကနေ ပြောလာတာ ဖြစ်မှာပေါ့။ လက်ခံတာ လက်မခံတာ ကျမတို့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တာပေါ့၊ အဲဒီတော့ ဝင်တဲ့ သူတွေတော့ များတာပေါ့။ တရုတ်တွေလည်း ဝင်နေတာပဲလေ ဟုတ်တယ်မလား အဲဒီတော့ သူတို့ အကျိုးစီးပွားပေါ်ကနေ သူတို့ ဝင်နေကြမှာပဲ၊ တကယ့်တကယ် ဗမာပြည် အရေးအခင်းကို အခိုင်အမာ အဆုံးအဖြတ်ပေးမှာက ကိုယ့်ဗမာပြည်သူတွေပဲ ကျမတို့က ကိုယ့်တော်လှန်ရေးကို ဆက်လုပ်၊ တိုင်းရင်းသားတွေလည်း ကိုယ်ရထားတဲ့ နေရာလေးတွေကို ကောင်းကောင်း မွန်မွန်ဖြစ်အောင် တည်ဆောက် ပြည်သူလူထုအတွက် သက်သာအောင်လုပ်ပေး။ အဲဒီလိုနည်းနဲ့ ကျမတို့ တဖြည်းဖြည်း ရှေ့တိုးကြ ရမှာပဲ၊ ဘယ်သူဝင်ဝင်ပါ သိပ်ပြဿနာ မရှိပါဘူး။ သက်ဆင်ဝင်လာလာ၊ ဟွန်ဆန်ဝင်လာလာ ပြည်သူကလည်း သိပ်နားထောင်မယ် မထင်ပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံခြားရေးဒု၀န်ကြီးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် လပိုင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်လက်နက်ကိုင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။

ထို့အတူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့သေးသည်။

သို့သော် လတ်တလောတွင် ခွင့်ပြုရန် မဖြစ်နိုင်သေးကြောင်း နစကသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ပြောကြားထားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးအတွက် ပြည်တွင်းအားကို လိုအပ်သလို နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ကြောင်း EAO ၇ ဖွဲ့၏ မဟာမိတ်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

 တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

၎င်းက “နိုင်ငံတကာကပဲ ဖြေရှင်းဆောင်ရွက် ပေးရမယ်ဆိုရင်လည်းပဲ ဒါကတော့ လက်တွေ့တော့ မကျဘူးပေါ့၊ ကျနော်တို့ ကာယကံရှင် ကိုယ်တိုင်ကလည်းပဲ ဒီအခက်အခဲကို တကယ်ပဲ ကျော်လွှားချင်တယ်၊ ဒီတစ်နိုင်ငံလုံး အရေး၊ ပြည်ထောင်စုအရေးကို ကျနော်တို့ ပြည်ထောင်စုအကျိုးကို ရှေ့ရှုပြီးတော့ ကျနော်တို့ချင်း စိတ်ရော၊ ကိုယ်ရော နှစ်နှစ်ကာကာ အားကျိုးမာန်တက်နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ အာသီသလည်းပဲ အဓိကကျတယ် ဆိုတာလည်းပဲ ကျနော်တို့ အဲဒီလိုမျိုး နားလည်မှုရှိတယ်။ တချက်ထဲမှာပဲလေ နိုင်ငံတကာရဲ့ ခုနက ပူးပေါင်း ဆောင်ရွက်မှုရော မလိုဘူးလားဆိုတော့ ဒီအခြေအနေကတော့ လိုအပ်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပြီးသား ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတကာက ကူညီပံ့ပိုးကြိုးပမ်းဆောင်ရွက်မှု အခြေအနေရယ်၊ ကျနော်တို့ထဲမှာ ရှိနေတဲ့ အင်အားစု အသီးသီးတွေရဲ့ ပြည်ထောင်စု တစ်ခုလုံးကြုံနေရတဲ့ အကျပ်အတည်းကို ကျော်လွှားနိုင်ရေး ဆိုတဲ့ နှစ်နှစ်ကာကာ ပူးပေါင်းဆောင်ရွက်မှုအားကလည်း ချန်ထားလို့ မရဘူး။ မျက်ကွယ်ပြုထားလို့ မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေဆဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နိုင်ငံရေး သဘောထားကွဲလွဲ မှုမျာကြောင့် နိုင်ငံတစ်ဝှမ်း တိုက်ပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

ထို့နောက် ပြည်သူလူထုများမှာ စီးပွားရေးအကျပ်အတည်း၊ အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးဖောင်းပွမှု၊ နယ်မြေ မလုံခြုံမှုများ ခံစားနေကြရပြီး ပြဿနာဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေး ပါတီအချို့နှင့် အာဆီယံ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ကြိုးပမ်းလျက်ရှိနေသည်။