CNI International News

မော်စကို၊ ဇွန်လ ၇ 

ရုရှား၏ နယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား အနောက်နိုင်ငံလုပ် လက်နက်များ အသုံးပြုခွင့်ပေးလျှင် အမေရိကန်နှင့် ဥရောပမဟာမိတ်နိုင်ငံများကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်များ ဖြန့်ကြက် ချသွားမည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin)က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပူတင်သည် ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာသတင်းအေဂျင်စီများမှ ဝါရင့်အယ်ဒီတာများနှင့် ပထမဆုံးအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ပူတင်က ရုရှားအနေဖြင့် နျူကလီးယား လက်နက်များကို မည်သည့်အခါမှ အသုံးပြုလိမ့် မည် မဟုတ်ဟု ယူဆထားသည့် အနောက်နိုင်ငံများ၏ ယူဆချက်သည် မှားယွင်းကြောင်းနှင့် ရုရှား၏ နျူကလီးယားလက်နက် အသုံးပြုမှုဆိုင်ရာ အယူဝါဒကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ကြောင်း ပြောကြား ခဲ့သည်။

အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့၏ လက်နက်များကို ယူကရိန်းအား အသုံးပြုစေပြီး ရုရှားကို တိုက်ခိုက်ခွင့် ပြုခဲ့မည်ဆိုပါက ထိုကဲ့သို့ ခွင့်ပြုပေးခဲ့သည့် နိုင်ငံများအား တိုက်ခိုက်နိုင်မည့် နည်းပညာမြင့်မားသော  တာဝေးပစ် ဒုံးကျည်များကို ဖြန့်ကြက်ချထားရန် ရုရှားက စဉ်းစားနေသည်ဟု ပူတင်က ပြောသည်။

ပူတင်နဲ့ နိုင်ငံရေးအယ်ဒီတာတွေ တွေ့ရစဉ်

“ရုရှားကို ဆန့်ကျင်တဲ့ စစ်ထဲကို ဝင်ပါလာမယ့် နိုင်ငံတွေ ရှိလာခဲ့မယ်ဆိုရင် ကျနော်တို့ကလည်း အလားတူ နည်းလမ်းနဲ့ မှန်မှန်ကန်ကန် တုန့်ပြန်သွားမှာပါ။ ခြုံပြောရရင် ဒါက အရမ်းစိုးရိမ်ရတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါ တယ်” ဟု ပူတင်က ပြောသည်။

ရုရှား၏ ဒုံးကျည်များကို မည်သည့် နေရာများတွင် ဖြန့်ကြက်ချထားမည် ဆိုသည့်အချက်အား ပူတင်က အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) သည် အမေရိကန်က ထောက်ပံ့ပေးခဲ့သည့် လက်နက်အချို့ကို အသုံးပြုပြီး ရုရှား၏ နယ်နိမိတ်အတွင်းရှိ စစ်ရေးပစ်မှတ်များအား တိုက်ခိုက်ရန် ယူကရိန်းကို ခွင့်ပြုပေးခဲ့သည်။

သို့သော် အမေရိကန်သည် ကီလိုမီတာ ၃၀၀ (၁၈၆ ကီလိုမီတာ) အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ATACMS တာဝေးပစ် လက်နက်စနစ်နှင့် အခြား အမေရိကန်က ထောက်ပံ့ပေးထားသည့် တာဝေးပစ် လက်နက် များကို အသုံးပြုပြီး ရုရှား၏ နယ်နိမိတ်အတွင်းသို့ တိုက်ခိုက်ခွင့်ကိုမူ တားမြစ်ထားဆဲဖြစ်သည်။

ယူကရိန်းစစ်သားကိုတွေ့ရစဉ်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်း (David Cameron) ကလည်း မေလ ၃ ရက်တွင် ယူကရိန်း၏ ကိယက်ဗ် (Kiev) မြို့တော်ကို ရောက်ရှိခဲ့သည့် ခရီးစဉ်အတွင်း ယူကရိန်းသည် ဗြိတိန်က ထောက်ပံ့ပေးထားသည့် လက်နက်များ အသုံးပြုပြီး ရုရှားနိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ပိုင်ခွင့်ရှိကြောင်း၊ ထိုအကြောင်းအရာ သည် ယူကရိန်းအပေါ်တွင်သာ မူတည်ကြောင်း ပြောကြားခဲ့သည်။

စိန့်ပီတာစဘတ်ချ် (St. Petersburg) မြို့ရှိ Gazprom တာဝါတွင် နိုင်ငံတကာ ဂျာနယ်လစ်များနှင့် သုံးနာရီကျော် ကြာ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ပူတင်က ဂါဇာစစ်ပွဲမှအစ အမေရိကန်ရွေးကောက်ပွဲ ကိစ္စများကိုပါ ဆွေးနွေး ခဲ့သော်လည်း အမေရိကန်ရွေးကောက်ပွဲ၌ မည်သူက အနိုင်ရလိမ့်မည်ကို ရုရှားက စိတ်မဝင်စားကြောင်း ပြောကြားခဲ့သည်။

Source: ရိုက်တာ