CNI International News

ဝါရှင်တန်၊ ဇွန်လ ၇

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း ဟားမာ့စ်အဖွဲ့၏ အင်အားသည် ထက်ဝက်ခန့် ချေမှုန်းခံခဲ့ပြီးနောက် ဟားမာ့စ်အဖွဲ့သည် တိုက်ခိုက်မှုနည်းစနစ်များ ပြောင်းလဲလာခဲ့သည်ဟု အမေရိကန်နှင့် အစ္စရေးအရာရှိများက ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်ရေးသမား အင်အားသည် ၉၀၀၀ မှ ၁၂,၀၀၀ အကြားသာရှိတော့ကြောင်း ထိုပဋိပက္ခနှင့်နီးစပ်သည့် အမေရိကန် ထိပ်သီးအရာရှိ ၃ ဦးက ပြောကြားသည်။ 

အမေရိကန်သည် ဟားမာ့စ်အဖွဲ့၏ အင်အားကို ၂၀,၀၀၀ မှ ၂၅၀,၀၀၀ အကြား ရှိလိမ့်မည်ဟု ခန့်မှန်းထားပြီး ယခုတွင် ဟားမာ့စ်တိုက်ခိုက်ရေးသမားအင်အားကို လျှော့ချခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ 

အစ္စရေးကမူ ဂါဇာစစ်ပွဲအတွင်း အစ္စရေးစစ်သား ၃၀၀ နီးပါး သေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာတောင်ပိုင်း၊ ရာဖာ (Rafah) မြို့ကို ဝင်ရောက်ပြီး စစ်ဆင်ရေး ပြုလုပ် နေမှုနှင့်အတူ ဟားမာ့စ်အဖွဲ့သည် ခြုံခိုတိုက်ခိုက်မှုများ၊ လက်လုပ်ဗုံးများနှင့် တိုက်ခိုက်မှုများ အစရှိသည့် ပြောက်ကျားနည်းဗျူဟာများဖြင့် ပြောင်းလဲတိုက်ခိုက်လာသည်ဟု အမေရိကန်အရာရှိတစ်ဦးက ပြောသည်။

အစ္စရေးတပ်ဖွဲ့ကို တွေ့ရစဉ်

ဂါဇာဒေသခံများကလည်း ဟားမာ့စ်အဖွဲ့၏ နည်းဗျူဟာ အပြောင်းအလဲကို သတိထားမိကြောင်း ဂါဇာဒေသခံ တစ်ဦးဖြစ်သည့် ဝစ်ဆမ် အီဘရာဟင် (Wissam Ibrahim) က ပြောကြားခဲ့သည်။

“အစောပိုင်းလတွေတုန်းက ဟားမာ့စ် တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးစစ်သားတွေ သူတို့ နယ်နိမိတ်ထဲ ဝင်လာချိန်မှာ ကြားဖြတ်ဟန့်တားပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အခုတော့ ဟားမာ့စ်တွေဟာ ခြုံခိုတိုက်ခိုက်တာတွေ၊ ပစ်ပြီးပြေးတဲ့ နည်းဗျူဟာတွေကို ပြောင်းလဲလာပါတယ်”ဟု အီဘရာဟင်က ပြောသည်။

အမည်မဖော်လိုသည့် အမေရိကန်အရာရှိများကလည်း ဟားမာ့စ်အဖွဲ့၏ နည်းဗျူဟာ အပြောင်းအလဲသည် ဂါဇာဒေသအတွင်းသို့ မြေအောက်လိုဏ်ခေါင်းများမှတစ်ဆင့် မှောင်ခိုတင်သွင်းရသည့် လက်နက်အင်အားကို ချွေတာရာရောက်ကြောင်း ပြောကြားခဲ့သည်။

ထိုအခြေအနေများကြောင့် ဂါဇာစစ်ပွဲသည် ၂၀၂၄ ခုနှစ်ကုန်ပိုင်းအထိ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ပြောကြား ခဲ့သည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ အမျိုးသားလုံခြုံရေးအကြံပေး ပုဂ္ဂိုလ်၏ ခန့်မှန်းသုံးသပ်ချက်သည် မှန်ကန်လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့အဖွဲ့၏ တိုက်ပွဲဝင်နည်းဗျူဟာ အပြောင်းအလဲနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုန့်ပြန်ခြင်းမရှိခဲ့ပေ။

Source: ရိုက်တာ