CNI International News

ကိုင်ရို၊ ဇွန်လ ၁၁

ဂါဇာဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် အစ္စရေးအား ဖိအားပေးဖို့ ဟားမာ့စ်အဖွဲ့၏ ထိပ်သီး အရာရှိတစ်ဦးက အမေရိကန်ကို ဇွန်လ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး အားထုတ်ကြိုးပမ်းမှုများကို တွန်းအားပေးလုပ်ဆောင်ရန် ဇွန်လ ၁၀ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) အရှေ့အလယ်ပိုင်းဒေသသို့ လာရောက် မည့် ခရီးစဉ်မတိုင်မီ ဟားမာ့စ်ထိပ်သီးအရာရှိ ဆာမီ အဘူ ဇူဟရီ (Sami Abu Zuhri) က တိုက်တွန်းခဲ့ခြင်း ဖြစ် သည်။

ဘလင်ကင်သည် အီဂျစ်နှင့် အစ္စရေးသို့ သွားရောက်မည်ဖြစ်ပြီး ဂါဇာစစ်ပွဲကို လက်ဘနွန်နိုင်ငံအထိ ပျံ့နှံ့မသွားစေ ရန် စိတ်ချသေချာစေရေးအတွက် ရည်ရွယ်ပြီး သက်ဆိုင်ရာ အရာရှိများနှင့် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

“ဂါဇာစစ်ပွဲ အဆုံးသတ်စေဖို့အတွက် အစ္စရေးကို ဖိအားပေးဖို့ အမေရိကန်အစိုးရကို ကျနော်တို့ တိုက်တွန်းပါ တယ်။ ဟားမာ့စ်အဖွဲ့ဟာလည်း စစ်ပွဲအဆုံးသတ်ဖို့အတွက် ဘယ်လိုအစီအစဉ်နဲ့ပဲဖြစ်ဖြစ် အပြုသဘောဆောင်စွာ ဖြေရှင်းဖို့ အဆင်သင့်ပါပဲ" ဟု ဇာဟရီက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက် စတင်ခဲ့သည့် အစ္စရေး-ဟားမာ့စ် စစ်ပွဲ ဖြစ်ပွားချိန်ကတည်းက အရှေ့ အလယ်ပိုင်းဒေသသို့ လာရောက်ခဲ့သည့် ၈ ကြိမ်မြောက် ခရီးစဉ်တွင် ဘလင်ကင်သည် ဂျော်ဒန်နှင့် ကာတာ နိုင်ငံများသို့လည်း သွားရောက်ရန် စီစဉ်ထားသည်။

ဟားမာ့စ်ထိပ်သီးအရာရှိ ဆာမီ အဘူ ဇူဟရီကိုတွေ့ရစဉ်

ဘလင်ကင်သည် ကိုင်ရို (Cairo) မြို့တော်တွင် အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်စီစီ (Abdel Fattah al-Sisi) နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ထို့နောက် အစ္စရေးသို့သွားကာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၊ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂဲလန့် (Yoav Gallant) တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

ဇွန်လ ၁၀ ရက် နံနက်အစောပိုင်းက ဂါဇာရှိ လူဦးရေ ထူထပ်သိပ်သည်းပြီး စစ်သွေးကြွများရှိသည့် ရှာဘူရာ (Shaboura) မြို့သို့ အစ္စရေးတင့်ကားများ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။

အစ္စရေးတင့်ကားတပ်ဖွဲ့သည် ဂါဇာနှင့် အီဂျစ်နယ်စပ် ဒေသတစ်ခုလုံးကို ပိတ်ဆို့ထားကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် လူပေါင်းသန်းချီ ခိုလှုံနေသည့် ရာဖာ (Rafah) မြို့ကို ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူပေါင်းသိန်းချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မေလ ၃၁ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အစ္စရေးက အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ဘလင်ကင်၏ အရှေ့အလယ်ပိုင်းခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ