CNI News

၂၀၂၄ ခုနှစ်၊ ဇွန် ၁၂

ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်ရေးမှာ နိုင်ငံရေးကောင်းရန် လိုအပ်ကြောင်း ရွှေဈေးကွက်နှင့် စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

နစကအနေဖြင့် ပြည်တွင်း ရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သည် ဟုဆိုကာ ရွှေလုပ်ငန်းရှင်အချို့နှင့် နိုင်ငံခြားငွေ လဲ/လှယ်သူများကို ဖမ်းဆီးအရေးယူမှု လုပ်ဆောင်လျက် ရှိနေ သည်။

ထိုသို့ အရေးယူမှုမှာ ယာယီအားဖြင့် တည်ငြိမ်နိုင်သော်လည်း ရေရှည်တွင် အဆင်မပြေနိုင်ကြောင်း၊ စီးပွားရေး တည်ငြိမ်ရန် နိုင်ငံရေးကောင်းဖို့ လိုအပ်ကြောင်း၊ ပို့ကုန်တင်ပို့မှု မရှိဘဲ သွင်းကုန်များနေကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နိုင်ငံရေး ရှု့ထောင့်က မကြည့်ဘဲနဲ့ တခြားစီးပွားရေး ရှု့ထောင့်က ပြောင်းကြည့်၊ အခုလောလောဆယ်က နစကမှာက ဒေါ်လာလိုအပ်ချက်က များနေတာ အဲဒီဟာကို မဖြည့်ပေးနိုင်တာ၊ အဲဒီဟာကို ဖြည့်ပေးနိုင်ရင် အဆင်ပြေကောင်း ပြေလိမ့်မယ်လေ၊ ဒီဟာက ဇာတ်လမ်းဦးတည်ခဲ့တာက နိုင်ငံရေးကနေ ဦးတည်ခဲ့တာလေ၊ နိုင်ငံရေးကြောင့် ဖြစ်လာတဲ့ ဇာတ်လမ်းဆိုပါတော့ နိုင်ငံရေးကောင်းမှပဲကိုရမှာ၊ နိုင်ငံရေး မကောင်းဘဲနဲ့ ရှင်းရှင်း ပြောရရင် သူတို့အနေနဲ့ လုပ်ရကိုင်ရတာ ဘယ်လိုမှ လွယ်မှာမဟုတ်ဘူး။ တခြားနည်းလမ်းတွေ ရှိသလားဆိုတော့ ရှိပါတယ်၊ ဒါပေမဲ့ နိုင်ငံရေး မကောင်းဘူးဖြစ်တဲ့အတွက် လောလောဆယ်က export (ပို့ကုန်) မရှိဘူး။ import (သွင်းကုန်) တွေများနေတယ်၊ အဲဒီလိုပေါ့၊ export က မရှိသလောက်ကို နည်းပါးနေတယ်၊ နောက်ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အကုန်ထွက်တယ်၊ နောက်တစ်ခုက ဒေါ်လာအစားထိုး၊ ဒေါ်လာအစားထိုးနဲ့က ပြောသလောက် မလွယ်ပါဘူး။ နောက်တစ်ခု သွားကြည့်တော့ Border Trading ( နယ်စပ်ကုန်သွယ်ရေးမှာလည်း အဆင်ပြေတာမျိုးရှိလားဆိုတော့ အခုလောလောဆယ် နယ်စပ်ကုန်သွယ်ရေး ဘယ်လောက်မှ မရှိတော့ဘူး။ အခု မြဝတီ ကျန်မယ်၊ မူဆယ်ရှိမယ်၊ ဒီလောက်ပါပဲ၊ ပြီးရင် ရနောင်းဖက်မှာ ရှိမယ်။ ဒါပဲ အရမ်းကြီး များများစားစား တော့ မရှိတော့ဘူးပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်

နစကသည် ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်ဟုဆိုကာ ဝိန့်စိန်ရွှေဆိုင်၊ အောင်သမာဓိ ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်တို့မှ သူဋ္ဌေးများ အပါအဝင် လူ ၁၀ ဦးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂ ရက်က ဖမ်းဆီးရန် ဝရမ်း ထုတ်ထားသည်။

ထို့အတူ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး တရားမဝင် ရွှေအရောင်းအဝယ် ပြုလုပ်နေ သည့် ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးအား ဖော်ထုတ် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန် ခဲ့သည်။

စီးပွားရေး တည်ငြိမ်သည့် အနေအထားမရှိပါက ငွေတန်ဖိုး ကျဆင်းသည့် အပိုင်းများဖြစ်လာပြီး ပြည်သူလူထု အပေါ် သက်ရောက်မှု ရှိလာမှာဖြစ်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဟာကတော့ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ အပိုင်းဖြစ်ပါတယ်။ ဒါတွေက စီးပွားရေးတွေ ကမောက်ကမ ဖြစ်တဲ့အချိန်မှာ ဘာမဆို ဖြစ်လာနိုင်တာပေါ့ဗျာ၊ ဒါကြောင့်လည်း စီးပွားရေးတည်ငြိမ်ဖို့ ပထမဦးဆုံး အရေးတဲ့ အချက်ဆိုတဲ့ဟာမျိုး ပြောလိုပါတယ်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ စီးပွားရေးက တည်ငြိမ်ပြီးမှ တည်ငြိမ်မှု မရှိဘူး ဆိုရင် ဒီဟာတွေက နောက်ဆက်တွဲကတော့ ဖြစ်လာတော့မှာပဲ ဒီဟာတော့ ငွေတန်ဖိုးကျတဲ့ အပိုင်းတွေလည်း ဖြစ်လာလိမ့်မယ်၊ စီးပွားရေးကျတဲ့ အပိုင်းတွေလည်း ဖြစ်လာမယ်၊ ဒါကတော့ အောက်ခြေ ကျနော်တို့ ပြည်သူလူထုတွေကပဲ အဓိက သက်ရောက်မှုကတော့ ပြည်သူလူထုတွေ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ပြောသည်။

မြ၀တီကုန်သွယ်ရေးဇုန်ကိုတွေ့ရစဉ်

တိုင်းပြည်၏စီးပွားရေး ပြန်လည်ကောင်းမွန်ရန် ကုန်ထုတ်လုပ်မှုကို အများအပြား လုပ်ဆောင်သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီလိုအချိန်မျိုးမှာ တိုင်းပြည်တိုးတက်ဖို့ဆိုရင် တိုးတက်နိုင်ဖို့က အခြေခံအကျဆုံးက ကျနော့်အမြင် ကတော့ ကျန်တဲ့အချက်တွေ လုပ်ရင်းနဲ့ တောင်သူလယ်သမားတွေ စိုက်ရေးပျိုးရေးကို ကုန်ထုတ်လုပ်မှုကို တကယ်ကို ထည်ထည်ဝင်ဝင်နဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ရင် တစ်ဖက်က စားနပ်ရိက္ခာနဲ့ အခြေခံ ပြည်သူလူထုကို ထိန်းနိုင်တာပေါ့၊ အခုဟာက တောင်သူလယ်သမားတွေကလည်း စိုက်တာစိုက်နေရတယ် သင့်သင့်တဲ့ ဈေးကလည်း မရ၊ ပြီးတော့လည်း ပို့တာ ပြုတာကလည်း တော်ကြာ ပိတ်လိုက်၊ တော်ကြာဖွင့်လိုက် ဆိုတော့ တောင်သူလယ်သမားတွေမှာလည်း ရည်မှန်းချက်၊ ယုံကြည်ချက်မရှိဘဲ စိုက်ပျိုး‌ရေး ကုန်ထုတ်လုပ်မှုကို မျှော်လင့်ချက်ကြီးကြီးနဲ့ ဆောင်ရွက်လို့ မရဘူး။ တဖြည်းဖြည်းနဲ့ တိုင်းပြည်မငြိမ်သက်မှုက နောက်ဆုံးမှာ စားနပ် ရိက္ခာပြဿနာ ဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိတယ်” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်စပ် ကုန်သွယ်ရေးများလည်း မကြာခဏပိတ်နေရခြင်းကြောင့် စီးပွားရေးကျဆင်းမှု၊ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ဖြင့်  ပြည်သူလူထုမှာ ရင်ဆိုင်နေရသည်။