CNI International News

တိုကျို၊ ဇွန်လ ၁၃

အဋ္ဌမအကြိမ်မြောက် ဂျပန်-အန္ဒိယ ပင်လယ်ရေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှု ၂၀၂၄ (JIMEX 24) တွင် ပါဝင်ရန် အိန္ဒိယရေတပ်၏ ကုန်း/ရေ နှစ်သွယ်သုံး ကိုယ်ပျောက် ဖရီးဂိတ်စစ်သင်္ဘော INS Shivalik သည် ဂျပန်နိုင်ငံ၊ ယိုကိုဆူကာ (Yokosuka) မြို့သို့ ဇွန်လ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း the print သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၂၀၁၂ ခုနှစ်ကတည်းက စတင်ပြုလုပ်လာခဲ့သည့် ထိုစစ်ရေး လေ့ကျင့်မှုသည် အိန္ဒိယနှင့်ဂျပန် ရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ရေတပ်အချင်းချင်း ပူးတွဲစစ်ဆင်ရေး စွမ်းဆောင်ရည်များကို တိုးမြှင့်ရန်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

“INS Shivalik သင်္ဘောကို ဂျပန်ရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) ရဲ့ တပ်မှူးဖြစ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီး အီတို ဟီရိုရှီ (ITO Hiroshi) နဲ့ ဂျပန်နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး စီဘီ ဂျော့ချ် (Sibi George) တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း ဆိပ်ကမ်းများပေါ်နှင့် ပင်လယ်ရေပြင်များအတွင်း ပြုလုပ်မည့် လေ့ကျင့် ခန်းများ ပါဝင်သည်။

ဂျပန်နဲ့အိန္ဒိယ စစ်ရေးပူးတွဲလေ့ကျင့်နေစဉ်

ထို့နောက် ဆိပ်ကမ်းများတွင် ပြုလုပ်မည့် လေ့ကျင့်ခန်းများတွင် ပရောဖက်ရှင်နယ်များ၊ အားကစားများနှင့် လူမှုရေး ထိတွေ့ဆက်ဆံမှုများ ပါဝင်မည်ဖြစ်သလို နှစ်နိုင်ငံရေတပ်သည် ပင်လယ်ပြင်တွင် တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်ရန်အတွက် ပင်လယ်ရေမျက်နှာပြင်အပေါ်ဘက်နှင့် ရေမျက်နှာပြင်အောက်ဘက်များတွင် ဘက်စုံပါဝင်သည့် စစ်ဆင်ရေးများကို လေ့ကျင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယရေတပ် (INS) ၏ INS Shivalik သင်္ဘောနှင့် JMSDF ၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော JS Yugiri သင်္ဘောတို့ ပါဝင်မည်ဖြစ်သလို နှစ်နိုင်ငံရေတပ်များမှ ရဟတ်ယာဉ်များလည်း ပါဝင် လိမ့်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တစ်နှစ်ထက်တစ်နှစ် စစ်ရေးလေ့ကျင့်မှု အသွင်အပြင်များ ရှုပ်ထွေးလာမှုနှင့်အတူ JIMEX 24 စစ်ရေး လေ့ကျင့်မှု သည် နှစ်နိုင်ငံရေတပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တက်စေရန်နှင့် အင်ဒို-ပစိဖိတ်ဒေသ တွင် ပင်လယ်ရေကြောင်း လုံခြုံရေးကို ရှေးရှုသည့် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုရန် အထောက် အကူ ဖြစ်စေလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: The Print