CNI International News

ဖာဆာနို၊ ဇွန်လ ၁၅

ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကတည်းက ပိတ်ဆို့ထားခဲ့သည့် ရုရှား၏ ပိုင်ဆိုင်မှုများမှ အကျိုးအမြတ်များကို အသုံးပြုပြီး ယူကရိန်းအတွက် ဒေါ်လာ ၅၀ ဘီလျံ ချေးငွေထောက်ပံ့ပေးရန် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ခေါင်းဆောင်များက ဇွန်လ ၁၃ ရက်တွင် သဘောတူခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အီတလီနိုင်ငံတောင်ပိုင်း ဖာဆာနို (Fasano) မြို့တွင် ပြုလုပ်သည့် G-7 အစည်းအဝေး၏ ပထမနေ့၌  ယူကရိန်း ပဋိပက္ခအပြင် ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေသော အစ္စရေး-ဟားမာ့စ် စစ်ပွဲအကြောင်းကိုလည်း အဓိက ထား ဆွေးနွေးခဲ့သည်။

ထို့နောက် G-7 အဖွဲ့ဝင်များသည် အမေရိကန်က အဆိုပြုထားသည့် ဂါဇာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ထောက်ခံခဲ့ကြသည်။

ယူကရိန်းကို လက်နက်များ ထောက်ပံ့မှုနှင့် အခြေခံ အဆောက်အအုံများ ပြန်လည်ထူထောင်မှုတွင် အမေရိကန် နှင့် သဘောထားချင်း တိုက်ဆိုက်သည့် မိတ်ဖက်နိုင်ငံများအကြား မည်မျှကြာရှည် ဆက်လက် ကူညီနိုင်မည် ဆိုခြင်းအား သံသယများ ထွက်ပေါ်နေမှုနှင့်အတူ စစ်ပန်းနေသော ယူကရိန်းကို ချေးငွေပေးရန် G-7 ခေါင်းဆောင် များကြား သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်ခဲ့သည့် ရုရှား၏ ကျူးကျော်မှုသည် ကမ္ဘာကြီးအတွက် စမ်းသပ်ချက် တစ်ခုဖြစ် ပြီး အနိုင်ကျင့် ဗိုလ်ကျမှုကို ဆန့်ကျင်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှု၊ လွတ်လပ်မှုတို့အတွက် စည်းလုံးညီညွတ်နိုင်ခြင်း ရှိ/မရှိတို့အပေါ် မေးခွန်းထုတ်နေခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က ပြောကြားခဲ့သည်။

အမေရိကန်၊ G-7 နှင့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများသည် ထိုမေးခွန်းကို ပြန်လည် ဖြေကြားရာတွင် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်စွာရှိမည်ဖြစ်ကြောင်း၊ ယူကရိန်းဘက်မှ ရပ်တည်သွားမည့်အကြောင်းကို ထပ်ကာထပ်ကာ ဖြေကြားခဲ့ကြောင်း ဘိုင်ဒန်က ပြောသည်။

ဘိုင်ဒန်သည် G-7 အစည်းအဝေးသို့ ဧည့်သည်တော်အဖြစ် တက်ရောက်ရန် ဖိတ်ကြားခံရသည့် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် ပြုလုပ်သော ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

 G-7 ခေါင်းဆောင်များကို တွေ့ရစဉ်

အမေရိကန်သည် ယူကရိန်းအား ချေးငွေထောက်ပံ့မည့် ပမာဏကို ဒေါ်လာ ၅၀ ဘီလျံအထိရှိစေရန် မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုချေးငွေများကို အမေရိကန် တစ်နိုင်ငံတည်းက မဟုတ်ဘဲ အခြားနိုင်ငံများနှင့် အစုအဖွဲ့လိုက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

G-7 အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းစစ်ပွဲ စတင်ခဲ့ချိန်ကစပြီး ၎င်းတို့၏ သက်ဆိုင်ရာ နိုင်ငံများအတွင်းရှိ ရုရှား၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့ကာ ရုရှားအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ထိုနိုင်ငံများရှိ ရုရှား၏ ပိုင်ဆိုင်မှုများမှ အကျိုးအမြတ်များကို အသုံးပြုပြီး ထောက်ပံ့မည့် ထိုချေးငွေများအား  ယူကရိန်းအနေဖြင့် ပြန်လည်ပေးဆပ်စရာမလိုကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်