CNI International News

နယူးဒေလီ၊ ဇွန်လ ၁၅

အီတလီနိုင်ငံတွင် ပြုလုပ်သည့် စက်မှုထိပ်သီး ၇ နိုင်ငံ (G-7) ညီလာခံတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) မတက် ရောက်မီ ရက်ပိုင်းအလိုတွင် ခါလစ္စတန် (Khalistani) ခွဲထွက်ရေး အစွန်းရောက်ဝါဒီများသည် အီတလီရှိ မဟတ္တမ ဂန္ဒီ (Mahatama Gandhi)၏ ရုပ်တုကို ဖျက်စီးခဲ့ကြောင်း Khalsa Vox သတင်းဝက်ဘ်ဆိုဒ်မှ ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ဖျက်ဆီးသည့် လုပ်ရပ်အတွက် အလွန်စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ 

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုဖြစ်စဉ်ကို အီတလီအာဏာပိုင်များအား အလေးအနက်ထား ပြောဆိုခဲ့ပြီး ဂန္ဒီ၏ ရုပ်တုကို ပြုပြင်ရန် လုပ်ငန်းစဉ်များကိုလည်း တစ်ဆင့်ချင်း လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် ဗီနေးကွာထရာ(Vinay Kwatra)က ပြောကြားခဲ့သည်။

“ဂန္ဒီရဲ့ ရုပ်တုဖျက်ဆီးခံရတဲ့ သတင်းကို ကျနော်တို့ ကြားခဲ့ရပြီး ဒီဖြစ်စဉ်ကို အီတလီ အာဏာပိုင်တွေနဲ့အတူ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ရုပ်တုကို ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်နေတယ်ဆိုတာကိုလည်း ကျနော်တို့ သိခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။

ခါလစ္စတန်ခွဲထွက်ရေး တောင်းဆိုနေကြစဉ်

ရုပ်တုကို ဖျက်ဆီးသည့် အားထုတ်ကြိုးပမ်းမှုများသည် မနှစ်မြို့စရာကောင်းသော လုပ်ရပ်ဖြစ်ပြီး ရုပ်တုပြုပြင်ရေး အတွက် လိုအပ်သည့်အရာများကို လုပ်ဆောင်ခဲ့ကြောင်း ကွာထရာက ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်နေချိန် ထိုကဲ့သို့ ဖျက်လိုဖျက်ဆီး လုပ်ရပ်များနှင့် ကြုံတွေ့ရလေ့ရှိသည်။

ပြီးခဲ့သည့်နှစ်ကလည်း မိုဒီ၏ သြစတြေးလျ ခရီးစဉ်မတိုင်မီတွင် ခါလစ္စတန် အစွန်းရောက်များသည် ဆစ်ဒနီ (Sydney)မြို့ရှိ ဟိန္ဒူဘာသာရေးဂိုဏ်း အဆောက်အအုံဖြစ်သည့် BAPS Shri Swaminarayan Mandir အဆောက်အအုံပေါ်၌ အိန္ဒိယဆန့်ကျင်သော နံရံဆေးရေးပန်းချီများ ရေးဆွဲခဲ့သည်။

ထိုကဲ့သို့ ဖြစ်စဉ်များသည်  အိန္ဒိယနှင့်နိုင်ငံတကာ အသိုင်းအဝိုင်းအကြား အရေးကြီးသည့် သံတမန်ထိတွေ့ ဆက်ဆံမှုများ မပြုလုပ်မီတွင် အချိန်ကိုက် ပေါ်ပေါက်လေ့ရှိသည်။

ခါလစ္စတန်ခွဲထွက်ရေး တောင်းဆိုနေကြစဉ်

ထိုသို့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့သူများ၏ ရည်ရွယ်ချက်အပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

မဟတ္တမဂန္ဒီ၏ ရုပ်တုကို ခါလစ္စတန်ခွဲထွက်ဝါဒီများက ဖျက်ဆီးမှုကဲ့သို့ မကြာသေးမီက ယဉ်ကျေးမှုသင်္ကေတများ ဖျက်ဆီးခံရမှုသည် ဆစ်ခ်ဘာသာဝင်များ၏ အဓိကစံတန်ဖိုးများနှင့် သိသိသာသာ ဆန့်ကျင်လျက်ရှိသည်။ 

ဆစ်ခ်ဘာသာသည် ကရုဏာတရား၊ သာတူညီမျှမှု၊ လူသားဆန်မှုတို့အပေါ် အခြေခံ ထူထောင်ထားပြီး အကြမ်းဖက်မှုနှင့် သည်းမခံနိုင်သည့် လုပ်ရပ်များကို ရှုတ်ချထားသည်။

ထိုကဲ့သို့ ယဉ်ကျေးမှုသင်္ကေတများ၊ လေးစားကြည်ညိုဖွယ် ကောင်းသူများ၏ ရုပ်တုများကို ဖျက်ဆီးခြင်းသည် ဆစ်ဘာသာ၏ ကျင့်ဝတ်နီတိကို သစ္စာဖောက်ရုံသာမကဘဲ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုရှိသည့် ဆစ်ခ်ဘာသာ၏ ဂုဏ်သိက္ခာကိုလည်း အစွန်းအထင်း ဖြစ်စေခဲ့သည်။

Source: Khalsa Vox