CNI News 
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆

လာမည့်နှစ်(၂၀၂၅ ခုနှစ်)အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က အထက်ပါအတိုင်း  ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့အနေဖြင့် လာမည့် အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင် စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာမည့်နှစ်(၂၀၂၅ ခုနှစ်)အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိ သည်”ဟု ပြောသည်။

နိုင်ငံရေးကို အကြောင်းပြုပြီး မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းမရှိပါက မိမိတို့၏ တိုးတက်မှုများ နောက်ကျနေခဲ့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နစကသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းမှာ နိုင်ငံတစ်ဝှမ်း သန်းခေါင်စာရင်း ကောက်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲကျင်းပ၍ ၂၀၂၆ ခုနှစ်မှာ အနိုင်ရသည့် နိုင်ငံရေးပါတီအား နိုင်ငံတော် အာဏာလွှဲပြောင်းပေးရန် စီစဉ်ထားပုံရသည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်လျက်ရှိသည်။

လက်ရှိတွင် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသလို နယ်မြေမတည်ငြိမ်ခြင်းနှင့် တရားဥပဒေ စိုးမိုးမှု အားနည်းနေခြင်းကြောင့် လက်တွေ့မှာ ဖြစ်နိုင်ခြေအလွန်နည်းသည်ဟုလည်း ထောက်ပြမှုများရှိနေသည်။

ထို့ကြောင့် နစကသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်း ရန်လိုအပ်သလို နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ရရှိအောင်လည်း အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု နိုင်ငံရေးပါတီများက ပြောသည်။