CNI International News

ဂျီနီဗာ၊ ဇွန်လ ၁၇

ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပနေသည့် ယူကရိန်းငြိမ်းချမ်းရေးညီလာခံ၏ ဒုတိယမြောက်နေ့ဖြစ်သည့် ဇွန်လ ၁၆ ရက်၌ အနောက်နိုင်ငံများနှင့် အခြားနိုင်ငံများသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှုရရှိရန် ကြိုးပမ်းခဲ့ကြသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့နောက် ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချခဲ့ကြသည်။ 

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရသည့် ညီလာခံ၏ နောက်ဆုံးကြေညာချက် မူကြမ်းတွင် ရုရှား၏ ကျူးကျော်မှု ကို “စစ်ပွဲ”ဟူသည့် စကားလုံးဖြင့် သုံးနှုန်းဖော်ပြထားပြီး ဇာပိုရီရှား (Zaporizhzhia) နျူကလီးယားစက်ရုံနှင့် အဇော့ (Azov) ဆိပ်ကမ်းများကို ယူကရိန်း၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရရှိစေရန် တိုက်တွန်းထားသည်။

ဇွန်လ ၁၃ ရက် နေ့စွဲတပ်ထားသည့် ထိုကြေညာချက်မူကြမ်းတွင် ယူကရိန်း၏ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရန်လည်း တိုက်တွန်းထားသည်။

ယူကရိန်းငြိမ်းချမ်းရေးညီလာခံ ကျင်းပနေစဉ်

သို့သော် စစ်ပွဲအပြီးတွင် ယူကရိန်းအနေဖြင့် နေတိုးမဟာမိတ်အဖွဲ့ထဲ ဝင်ရောက်မည် ဟုတ်/မဟုတ် အပါအဝင် ရုရှားနှင့် ယူကရိန်း နှစ်ဘက်စလုံးမှ စစ်သားများကို မည်သို့ ပြန်လည်ရုပ်သိမ်းရမည်ဆိုသည့် အချက်များသည် ရှုပ်ထွေးဖွယ် ရှိနေသည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများကမူ ရုရှားသည် တရားမဝင် စစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည်ဟု ပြောသည်။

အမေရိကန်ဒုသမ္မတ ကာမယ်လာ ဟားရစ် (Kamala Harris) ၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) နှင့် ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် ဆွစ်ဇာလန်၏ ဘာဂန်စတော့ (Buergenstock) အပန်းဖြေစခန်းမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးညီလာခံ၌  ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် နိုင်ငံတကာ၏ ထောက်ခံမှုကို တိုးမြှင့်ရရှိစေရန် ကြိုးပမ်းခဲ့သည်။

အနောက်နိုင်ငံများမှ ခေါင်းဆောင် အများစုကမူ ရုရှား၏ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ယူကရိန်း၏ နယ်မြေအချို့ကို တောင်းဆိုထားသည့် ရုရှားသမ္မတ ပူတင် (Vladimir Putin) ၏ တောင်းဆိုချက်ကို ငြင်းဆိုခဲ့ကြသည်။

ယူကရိန်းငြိမ်းချမ်းရေးညီလာခံ တက်ရောက်နေတဲ့ခေါင်းဆောင်တွေကိုတွေ့ရစဉ်

“ဒီပဋိပက္ခမှာ ရှင်းလင်းပြတ်သားတဲ့ အချက်ကတော့ ကျူးကျော်သူဟာ ပူတင်ဖြစ်ပြီး နစ်နာသူဟာ ယူကရိန်း ပြည်သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်ပါ” ဟု စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက် (Pedro Sanchez) က ပြောကြားခဲ့သည်။

ထိုငြိမ်းချမ်းရေးညီလာခံကို နိုင်ငံပေါင်း ၉၀ ကျော် တက်ရောက်ခဲ့သော်လည်း တရုတ်နိုင်ငံက တက်ရောက်ခဲ့ခြင်း မရှိခဲ့ပေ။ 

ထို့ကြောင့် ထိုညီလာခံသည် ရုရှားအား ကမ္ဘာလုံးဆိုင်ရာ ဖယ်ကြဉ်ထားမှုကို ပြသလိုသည့် အနောက်နိုင်ငံများ၏ ရည်ရွယ်ချက်သည် မှေးမှိန်ခဲ့သည်။

Source: ရိုက်တာ