CNI International News

နယူးဒေလီ၊ ဇွန်လ ၁၇

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီ (Nancy Pelosi) အပါအဝင် အမေရိကန်၏ ထိပ်သီး ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်တွင် အိန္ဒိယသို့ လာရောက်မည်ဖြစ်ပြီး ဒါရမ်ရှာလာ (Dharamshala) မြို့တွင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) နှင့် တွေ့ဆုံလိမ်မည်ဟု Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယသို့ လာရောက်မည့် ပါတီနှစ်ရပ်ပေါင်းမှ ထိပ်သီးအရာရှိများ ပါဝင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်ပါတီမှ မိုက်ကယ် မက်ကူးလ် (Michael McCaul) က ဦးဆောင်မည်ဖြစ်သည်။

“ကိုယ်စားလှယ်အဖွဲ့ထဲမှာ ဂုဏ်ထူးဆောင်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ (ဒီမိုကရက်) ၊ အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင် ဂရီဂိုရီ ဒဗလျူ မစ်စ် (Gregory W. Meeks) (ဒီမိုကရက်)၊ အောက်လွှတ်တော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဂျင်မ် မက်ဂိုဗန် (Jim McGovern) (ဒီမိုကရက်) ၊ အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးဆပ်ကော်မတီအဖွဲ့ဝင် အမ်မီ ဘာ့်ချ် (Ami Berg) (ဒီမိုကရက်) နှင့် မာရီယာနက်တီ မီလာ မစ်စ် (Marianette Miller-Meeks) (ရီပတ်ဘလစ်ကန်) နဲ့ နစ်ကိုးလ် မီလီယော့တာကစ် (Nicole Malliotakis) (ရီပတ်ဘလစ်ကန်) တို့ ပါဝင်ပါတယ်”ဟု  အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်ပါတီမှ မိုက်ကယ် မက်ကူးလ်ကို တွေ့ရစဉ်

ထိုကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယတွင် ၁၄ ပါးမြောက် ဒလိုင်းလားမား ဘုန်းတော်ကြီး၊ အိန္ဒိယအစိုးရအရာရှိများ၊ အိန္ဒိယရှိ အမေရိကန်စီးပွားရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

အိန္ဒိယသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်ပြီး အမေရိကန်၏ အရေးကြီးသည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးများကို ပိုမိုခိုင်မာစေရန် အိန္ဒိယအစိုးရ အရာရှိများနှင့် အမေရိကန် စီးပွားရေး အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးများ ပြုလုပ်ရန် မျှော်မှန်းထားကြောင်း မက်ကူးလ် က ပြောသည်။

ထို့ပြင် တိဘက်လူမျိုးများသည် လွတ်လပ်စွဲ ဘာသာရေး ကိုးကွယ်ခွင့်ကို ကျင့်သုံးလိုသည့် ဒီမိုကရေစီကို ချစ်မြတ် နိုးသူများဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တွေ့ဆုံခွင့်ရမည့် အခွင့်အရေးအတွက် ဂုဏ်ယူ ကြောင်း ၎င်းက ပြောသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီနဲ့ ဒလိုင်းလားမားကို တွေ့ရစဉ်

တိဘက်ဘာသာရေး ခေါင်းဆောင်ဖြစ်သည့် ဒလိုငးလားမားသည် ဆေးဝါးကုသမှု ခံယူရန်အတွက် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း ၎င်း၏ ရုံးက ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဇွန်လ ၂၀ ရက်မှစပြီး နောက်ထပ် ထုတ်ပြန်ချက် မတိုင်မီအထိ မည်သူနှင့်မျှ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒလိုင်းလားမားသည့် ၎င်း၏ ဒူးကို အမေရိကန်တွင် ဆေးဝါးကုသမှု ခံယူမည်ဖြစ်သဖြင့် အများပြည်သူများနှင့် တွေ့ဆုံမှုများကို ဇွန်လ ၂၀ နောက်ပိုင်း ယာယီဆိုင်းငံ့မည်ဟုလည်း သိရသည်။

ထို့ကြောင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ဒလိုင်းလားမား၏ အမေရိကန်သို့ ဆေးဝါးကုသမှု သွားရောက် ခံယူမည့် ခရီးစဉ်မတိုင်မီ အိန္ဒိယတွင် ဒလိုင်းလားမားနှင့် ကြိုတင်တွေ့ဆုံခွင့်ရရှိရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Source: Devdiscourse