CNI International News

ဘေကျင်း၊ ဇွန်လ ၁၈

တရုတ်က ၎င်း၏ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားသည့် ရေပြင်များအတွင်း ဖြတ်သန်းဝင်ရောက်လာသည်ဟု သံသယရှိသော ပြည်ပနိုင်ငံသားများကို ရက်ပေါင်း ၆၀ အထိ ဖမ်းဆီးထိန်းသိမ်းမည့် တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့၏ စည်းမျဉ်းအသစ်သည် ဇွန်လ ၁၅ ရက်တွင် စတင်အကျုံးဝင် သက်ရောက်ခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်လက ကြေညာခဲ့သည့် ထိုစည်းမျဉ်းစည်းကမ်း အသစ်သည် တရုတ်၏ ၂၀၂၁ ခုနှစ် ကမ်းခြေစောင့်တပ်ဖွဲ့ ဥပဒေအတွင်း ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ပိုင်ဆိုင်မှု အငြင်းပွားနေသော တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်များအတွင်း တင်းမာမှုများ မြင့်တက်လာမည့် အခြေအနေကို စိုးရိမ်မှုများ မြင့်တက်စေခဲ့ သည်။

တရုတ်ကမူ ၎င်းတို့၏ တရားစီရင် ပိုင်ခွင့်ရှိသည့် ရေပြင်များအတွင်း တရားမဝင် လှုပ်ရှားမှုများရှိနေသဖြင့် ထိုလှုပ်ရှားမှုများကို နှိမ်နင်းရန် စည်းမျဉ်းအသစ်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

တရုတ်၏ ရေပြင်များအတွင်းတွင် တရုတ်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်ခြင်း သို့မဟုတ် တရုတ်၏ အမျိုးသားလုံခြုံရေးကို လျော့ပါးစေခြင်း၊ သို့မဟုတ် အများပြည်သူ တည်ငြိမ်ရေးကို လျော့ပါးစေခြင်းဖြင့် သံသယရှိသော ပြည်ပနိုင်ငံသားများကို ရက်ပေါင်း ၃၀ မှ ၆၀ အထိ ဖမ်းဆီးထိန်းသိမ်း နိုင်ကြောင်း စည်းကမ်းအသစ်များတွင် ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့၏ ဥပဒေတွင် ကမ်းခြေစောင့်တပ်ဖွဲ့သည် တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားသော ရေပြင်များအတွင်း တရားမဝင် ဝင်ရောက်သည်ဟု ယူဆရသည့် ပြည်ပနိုင်ငံများ၏ သင်္ဘောများကို လက်နက်များ အသုံးပြုခွင့် ပေးထားသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ကို တွေ့ရစဉ်

တရုတ်သည် နှစ်စဉ်နှစ်တိုင်း ဒေါ်လာထရီလျံချီ တန်ကြေးရှိသည့် ပင်လယ်ကူးသင်္ဘောများ ဖြတ်သန်းရာ လမ်းကြောင်းများရှိ သယံဇာတပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် ၉၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

ထို့ကြောင့် တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ထိုင်ဝမ်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့နှင့် နယ်နိမိတ်ပိုင်ဆိုင်မှုအပေါ် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။

မကြာသေးမီ လများအတွင်းက တရုတ်နှင့် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်၏ မဟာဗျူဟာကျသည့် ရေပြင်နယ်နိမိတ်တစ်ခုတွင် ထိပ်တိုက်တွေ့မှုဖြစ်ပွားခဲ့ပြီး တရုတ်ကမ်းခြေစောင့်သင်္ဘောများက ဖိလစ်ပိုင် သင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးခြင်း၊ ဖိလစ်ပိုင်ထောက်ပို့ သင်္ဘောများ၏ လမ်းကြောင်းများကို ပိတ်ဆို့ခြင်းတို့ ပြုလုပ်ခဲ့သည်။

တရုတ်၏ စည်းမျဉ်းအသစ်များ ထုတ်ပြန်ခဲ့သည့်တိုင် ဖိလစ်ပိုင် ငါးဖမ်းသမားများ အနေဖြင့် မိမိတို့၏ အထူး စီးပွားရေး ဇုန်အတွင်းတွင် ငါးဖမ်းမှုများကို ဆက်လက် လုပ်ဆောင်ရန် ဖိလစ်ပိုင်စစ်တပ်က တိုက်တွန်းခဲ့သည်။

Source: Japan Times