CNI News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးတင်းမာလာနေချိန်မှာပဲ တရုတ်အထူးကိုယ်စား လှယ် မစ္စတာတိန့်ရှီးကျွင်းသည် နေပြည်တော်သို့ ရောက်ရှိလာပြီး နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပိုမိုမြှင့်တင်နိုင်ရန် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေ မည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။

လက်ရှိ တရုတ်နိုင်ငံနှင့် နယ်မြေထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(M NDAA)တို့ကြား စစ်ရေးပြင်ဆင်နေကြပြီး လမ်းများ ဖြတ်တောက်လျက်ရှိနေကြသည်။

အလားတူ တရုတ်နိုင်ငံနှင့် နယ်မြေထိစပ်နေသည့် ကချင်ပြည်နယ်အတွင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းတပ်ဖွဲ့က မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေပြီး နယ်စပ် ကုန်သွယ်ရေးဂိတ်များကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ် (AFP)

ထို့အပြင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများရှိသည့် ရခိုင်ပြည်နယ်အတွင်းမှာလည်း အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်။

AA-TNLA-MNDAA တို့သည် မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ မြို့အများအပြားကို ထိန်းချုပ်ထားသည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် မြန်မာ့တပ်မတော်သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက စတင်ကာ ဟိုင်ဂင်ဆွေးနွေးပွဲဟုဆိုကာ ဆွေးနွေး လျက်ရှိနေသည်။