CNI International News

နယူးဒေလီ၊ ဇွန်လ ၁၉

တရုတ်နှင့် အိန္ဒိယအကြား ပထဝီနိုင်ငံရေးကစားပွဲတွင် တိဘက်ဒေသနှင့် မော်လ်ဒိုက်နိုင်ငံသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု India Today မှ ဖော်ပြခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တရုတ်သည် မကြာသေးမီက မော်လ်ဒိုက်၏ ရေပြင်များမှအစ တိဘက်၏ ရေခဲမြစ်များ အထိ ပိုင်ဆိုင်ကြောင်း ကြေညာထားသည်။

ထို့နောက် အသစ်တက်လာသည့် မော်လ်ဒိုက်အစိုးရသည် တရုတ်လိုလားမှုနှင့်အတူ တိဘက်ဒေသကမူ အိန္ဒိယကို လိုလားလျက်ရှိသည်။

မကြာသေးမီ လများအတွင်းက အသစ်တက်လာသည့် မော်လ်ဒိုက် အစိုးရအဖွဲ့သည် မော်လ်ဒိုက်ကျွန်းပေါ်ရှိ အိန္ဒိယစစ်သားများကို ရုပ်သိမ်းရန် တောင်းဆိုခဲ့ပြီး တရုတ်ကိုလိုလားသော သဘောထားကို ပြသခဲ့သည်။

အလားတူပင် အိန္ဒိယနိုင်ငံကလည်း တိဘက်လူမျိုးများကို ထောက်ခံပြီး တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို လက်ခံထားရှိကာ  မော်လ်ဒိုက်တွင် တပ်စွဲထားသည့် အိန္ဒိယစစ်သားများအား ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့နောက် တရုတ်၏ လှုပ်ရှားမှုများကို တန်ပြန်သည့် အစီအစဉ်များ လုပ်ဆောင်ခဲ့သည်။

မိုဒီနဲ့ မော်လ်ဒိုက်ခေါင်းဆောင်ကိုတွေ့ရစဉ်

တရုတ်သည် မော်လ်ဒိုက်တွင် ဩဇာအာဏာ လွှမ်းမိုးစေရန် လုပ်ဆောင်နိုင်ရုံမျှမက တရုတ်-အိန္ဒိယ နယ်စပ် တွင်လည်း အိန္ဒိယ၏ အာရုနာချယ် ပရာဒေ့ရှ်(Arunachal Pradesh) ပြည်နယ်ကို ပိုင်ဆိုင်ကြောင်း ကြေညာ ခဲ့သည်။

ယခုနှစ် အစောပိုင်းကလည်း တရုတ်သည် အိန္ဒိယ၏ အရှေ့မြောက်ပိုင်း ဟိမဝန္တာ (Himalayan) ဒေသ၏ ပြည်နယ်ဖြစ်သည့် အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်အတွင်းရှိ နေရာပေါင်း ၃၀ ခန့်ကို အမည်များ ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

ထို့အတူ အိန္ဒိယကလည်း တရုတ်၏ လုပ်ဆောင်မှုကို တန်ပြန်သည့် အနေဖြင့် တိဘက်ဒေသရှိ နေရာဒေသပေါင်း ၃၀ ကျော်အား အမည်များ ပြောင်းလဲသတ်မှတ်ရန် စီစဉ်နေသည်ဟု အိန္ဒိယအစိုးရ အရာရှိများက ယခုလအတွင်း ပြောကြားခဲ့သည်။

တရုတ်က အုပ်ချုပ်ထားသည့် တိဘက်ဒေသရှိ နေရာများကို အမည်ပြောင်းလဲ သတ်မှတ်မည့် စာရင်းအား အိန္ဒိယစစ်တပ်က သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကြာမီအချိန်အတွင်း ထုတ်ပြန်ရန် စီစဉ်ထားသဖြင့် တရုတ်လက်အောက်ခံ မော်လ်ဒိုက်ကျွန်းနိုင်ငံနှင့် အိန္ဒိယလိုလားသည့် တိဘက်ဒေသသည် နှစ်နိုင်ငံအကြား အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

Source: India Today