CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်း ကြောင့် ဟိုင်ဂင်သဘောတူညီချက် ကျိုးပျက်သွားပြီလားဆိုသည့်အပေါ် စစ်ရေး-နိုင်ငံရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေကြသည်။

ကျောက်မဲမြို့နယ်မှာ မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့အကြား ယနေ့ (ဇွန်လ ၂၅ ရက်)နေ့ နံနက် ၅ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။

တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ထားသော အပစ်အခတ်ရပ်စဲရေး ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်လိုက်ကြပြီဟု ပြော၍ရကြောင်း၊ မြောက်ပိုင်းဒေသကို ပြန်လည်တိုက်ခိုက်ရန် တပ်ဖက်က အင်အား စုစည်းမှုများရှိနေကြာင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ပြောလို့တော့ ရမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲထားတာကို ချိုးဖောက်လိုက်ကြ တာ ဖြစ်တာကိုနော်၊ ဘယ်ဘက်က စတိုက်တာတော့ မပြောတတ်ဘူး။ TNLA က ပြောနေတာတော့ ၃၊ ၄ ရက် လောက် ရှိနေပြီ၊ ကျမ ကြားနေတာ သူတို့ဆီလာပြီးတော့ ဗုံးကြဲတယ်တို့ ဘာတို့ အဲဒီတော့ စစ်တပ်ဘက် စဖောက်တယ်လို့ ပြောလို့ရမှာပေါ့၊ စစ်တပ်ဘက်ကလည်း ကျမကြည့်တာ လားရှိုးတို့ ဘာတို့မှာ အုံလိုက်ကျင်း လိုက် စောင့်နေတော့ မြောက်ပိုင်းဒေသကို ပြန်တိုက်ဖို့ လိုမယ်ဆိုပြီးတော့ ပြင်ဆင်တာထင်တယ်။ ဒါပေမဲ့ သူတို့ ဘယ်လို တိုက်တိုက်ပါ ပြန်မရနိုင်ပါဘူး။ လူတိုင်းလည်း မြင်နေတာပဲ၊ ဒါပေမဲ့ အထက်ကလည်း အောက်က ပြော တိုင်း ယုံတာ မဟုတ်ဘူးလေ၊ အပေါ်ကနေ အမိန့်တွေချ အောက်ကိုသွားခိုင်း အဲဒီလို လုပ်နေတယ်နဲ့ တူတယ်၊ ကြည့်ရတာ၊ စစ်တပ်က အခုချိန်ထိ လျှော့ပေးမယ့် လက္ခဏာမရှိဘူးဗျ၊ သူကတော့ သူ့စိတ်ထဲမှာ ဟိုတုန်းက မဆလတို့၊ နဝတတို့၊ နအဖတို့လိုပဲ ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် ဖိနှိပ်နေရင် သူတို့ အောင်မြင်မယ်လို့ တွက်ပုံ ရတယ်” ဟု ပြောသည်။

MNDAA တပ်ဖွဲ့ကိုတွေ့ရစဉ်

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းက လားရှိုးမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့်  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိတိုက်ပွဲအရ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် သဘောဖြစ်သည့်အတွက် ဟိုင်ဂင်သဘောတူညီချက် ကျိုးပေါက်သွားပြီဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) မှ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျမတို့လည်း‌ မြေပြင်သတင်းအရတွေရော လိုင်းပေါ်မှာ တွေ့ရှိချက်အရတွေရောဆိုရင် ပြန်ပြီးတော့ ကျိုးပေါက်သွားတယ်လို့ ပြောလို့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကြည့်ရတာက တိုက်ပွဲက အခုမှ ဖြစ်တာတော့ မဟုတ်ဘူးပေါ့နော်၊ အရင်ရက်တွေ ပြီးခဲ့တဲ့ လမှာကတည်းက ကြိုကြားကြိုကြား ဖြစ်နေတယ်၊ ဒါကတော့ များ သောအားဖြင့်တော့ စကစဘက်က စတင်ပြီး လုပ်ဆောင်ခဲ့တဲ့အပိုင်းတွေ မကြာခဏ တွေ့နေရတာပေါ့နော်၊ တစ်ဖက်သတ် ပုံစံမျိုးတော့ ဖြစ်တယ်၊ ဒီမနက်မှာကြတော့ ကျမတို့လည်း သတင်းကတော့ ပိုပြီးမှ သေချာ အောင်လို့ လိုက်လံစုံစမ်းနေတုန်းပေါ့နော်၊ အပြန်အလှန် ပစ်ခတ်နေတဲ့သဘော အနေအထားတော့ ရှိသွားပြီလို့ တွေ့ရတာပေါ့နော်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က မိုးကုတ်မြိုနယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်ဖက်က ဂျက် လေယာဥ် ၂ စင်းဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဇွန်လ ၁၈ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ၃ ရက် အတွင်း လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် မိမိတို့ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

မြန်မာ့တပ်မတော် အနေဖြင့် ၎င်းတို့ လက်မှတ်ရေးထိုးထားသော ဟိုင်ဂင်သဘောတူညီချက်ကို လိုက်နာနိုင်ပါ့ မလားဆိုတာ သံသယရှိကြောင်း၊ မိမိတို့ ဒေသတွင် တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်လာနိုင်ကြောင်း TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောသည်။

TNLA တပ်ဖွဲ့ကိုတွေ့ရစဉ် (SPM News)

၎င်းက “ကျနော်တို့ကတော့ စိုးရိမ်တယ်၊ စကစ-က သူထိုးထားတဲ့ သူသဘောတူထားတဲ့ ဟိုင်ဂင်သဘောတူညီ ချက်ကို သူတကယ် လိုက်နာနိုင်ပါ့မလား၊ ကျနော်တို့ သံသယတော့ ရှိပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က စကစ-က လိုအပ်သလို သူစစ်ကစားနေမှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လူထုကို အထူးမှာကြားချင်တာကတော့ ကျနော်တို့ တော်လှန်ရေးသတိ စစ်ရေးသတိတော့ မပျက်ဖို့လိုပါတယ်။ အခြေအနေ တင်းမာမှုတွေက အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ လူထုအပေါ် ဖိနှိပ်မှု တအားများ လာမယ်ဆိုရင် လူထုကို ကာကွယ်ရမယ့် တာဝန်ရှိတယ်၊ ခုခံကာကွယ်ရမယ့် တာဝန်တွေ ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီလို ဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဒေသထဲမှာ တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်” ဟု ပြော သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က ညီနောင်မဟာမိတ်သုံးဖွဲ့က ဆင်နွှဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အတွင်း ရှမ်းမြောက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိကာ အပစ်အခတ်ရပ်စဲခဲ့ကြခြင်း ဖြစ်သည်။