CNI International News

တိုင်ပေ၊ ဇွန်လ ၂၅

အာဏာရှင်စနစ်သည် ဆိုးယုတ်ကြောင်းနှင့် ဒီမိုကရေစီစနစ်သည် ရာဇဝတ်မှုတစ်ခု မဟုတ်ကြောင်း ထိုင်ဝမ် သမ္မတ လိုင်ချင်တေ (Lai Ching-te) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ တစ်ယူသန် လွတ်လပ်ရေး ခွဲထွက်ဝါဒီများအတွက် ဆိုးရွားသည့် တရားရေးဆိုင်ရာ အမှုများတွင် သေဒဏ်ချမှတ်မည်ဟု တရုတ်က ခြိမ်းခြောက်ခဲ့ပြီးနောက် လိုင်၏ မှတ်ချက်စကား ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်အဖြစ် သတ်မှတ်ထားသည့် တရုတ်သည် လိုင်အပေါ် အမြင်မကြည်ကြောင်း မကြာခဏပြသခဲ့ပြီး လိုင်သည် ခွဲထွက်ဝါဒီ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ပြီးခဲ့သည့်လက လိုင်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီးတွင် စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။

တရုတ်၏ တရားရုံးများသည် ထိုင်ဝမ်အပေါ် တရားစီရင်ပိုင်ခွင့် မရှိသည့်တိုင် ဇွန်လ ၂၁ ရက်တွင် တရုတ်က ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းသူများကို တရားရေးအရ အရေးယူမည့် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ကာ ဖိအားများ တိုးမြှင့်ခဲ့သည်။

အမေရိကန်နဲ့ တရုတ် အလံများကို တွေ့ရစဉ်

တရုတ်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး တိုင်ပေ (Taipei) မြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မေးမြန်းခံရချိန်မှာ လိုင်က မကြာသေးမီက တရုတ်နိုင်ငံ တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများအတွက် သနားဂရုဏာသက်ကြောင်း အရင်ဖြေကြားခဲ့သည်။

ထို့နောက် ဒီမိုကရေစီသည်  ရာဇဝတ်မှု မဟုတ်ကြောင်း၊ အာဏာရှင်စနစ်သည်သာ စစ်မှန်သည့် ဆိုးယုတ်မှု ဖြစ်ကြောင်း၊ ထိုင်ဝမ်လူမျိုးများကို အရေးယူပိတ်ဆို့ရန် တရုတ်တွင် အခွင့်မရှိကြောင်း လိုင်က ဆက်လက် ဖြေကြားခဲ့သည်။

ထို့ပြင် တရုတ်အနေဖြင့် ထိုင်ဝမ်၏ တည်ရှိမှုကို လက်ခံရန်၊ ထိုင်ဝမ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ထားရသည့် အစိုးရနှင့် ဆွေးနွေးမှုများ၊ ဖလှယ်မှုများ ပြုလုပ်ရန် တောင်းဆိုကြောင်း လိုင်က ပြောကြားခဲ့သည်။

"အဲဒီလို ထိတွေ့ဆက်ဆံမှုတွေ မလုပ်ဘူးဆိုရင်တော့ ထိုင်ဝမ်နဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ ပိုပြီး တင်းမာလာဖို့ပဲရှိပါတယ်" ဟု လိုင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုကို မြင်တွေ့ခဲ့ရပြီး ဇွန်လ ၂၀ ရက်မှ ၂၁ ရက်အတွင်း ထိုင်ဝမ်ကျွန်းအနီး၌ ပျံသန်းခဲ့သည့် တရုတ်စစ်လေယာဉ် ၁၁၅ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ