CNI International News

စင်ကာပူ၊ ဇွန်လ ၂၆

အသစ်ထွက်ပေါ်လာသည့် သက်သေ အထောက်အထားများအရ ဆစ်ခ်ခွဲထွက်ရေးဝါဒီများကို သွေးထိုးလှုံ့ဆော်နေ မှုတွင် တရုတ်၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှားလာသည်ဟု စင်္ကာပူပို့စ်မှ ဖော်ပြခဲ့သည်။

ထွက်ပေါ်လာသည့် သက်သေ အထောက်အထားများတွင် တရုတ်သည် ခါလစ္စတန် လိုလားသည့် သဘောထား များကို ဝါဒဖြန့်ရန် Facebook နှင့် Instagram အကောင့်တုများအား အများအပြား ဖွင့်လှစ်ခဲ့ကြောင်း တွေ့ရှိခဲ့ရ သည်ဟု  Facebook နှင့် Instagram တို့၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta က သတင်းထုတ်ပြန်ခဲ့သည်။

ပဋိပက္ခဆန်သည့် ခြိမ်းခြောက်မှု သတင်း (Adversarial Threat Report)ဟု ခေါင်းစဉ်တပ်ထားသည့် Meta ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် တရုတ်၏ လူမှုမီဒီယာ အကောင့်တုများသည် ဆစ်ခ်ဘာသာဝင်များအဖြစ် ဟန်ဆောင်ထားပြီး သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ နယူးဇီလန်၊ ပါကစ္စတန်၊ ဗြိတိန်နှင့် နိုက်ဂျီးရီးယားနိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ဆစ်ခ်ဘာသာဝင်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်သည့် သတင်းအမှားများကို ဖြန့်နေကြောင်း ဖော်ပြခဲ့သည်။

ဆစ်ခ်ခွဲထွက်ရေးသမားများကို တွေ့ရစဉ်

Meta ကုမ္ပဏီသည် သတင်းအမှားများကို ဖြန့်ရန် AI နည်းပညာဖြင့် ဖန်တီးထားသည့် အကြောင်းအရာများကို ပို့စ်တင်နေသော တရုတ်အခြေစိုက် ထိုအကောင့်တုများကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

"သူတို့ (အကောင့်တုများ) တွေက  Operation K လို့ခေါ်တဲ့ ဆစ်ခ်လိုလားတဲ့ ဆန္ဒပြမှုတွေ ပြုလုပ်ဖို့အတွက် အတုအယောင် တက်ကြွလှုပ်ရှားမှုကို ဖန်တီးခဲ့ပုံပေါ်ပါတယ်။ သူတို့က AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံတွေ အပါအဝင် သတင်းတွေ၊ လက်ရှိဖြစ်စဉ်တွေကို အင်္ဂလိပ်ဘာသာ၊ ဟိန္ဒီဘာသာတွေနဲ့ ရေးသားပြီး ပို့စ်တွေ တင်ခဲ့ပါတယ်" ဟု Meta ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်သည် မကြာသေးမီ ကာလအတွင်း ဆိုက်ဘာစစ်ဆင်ရေးများ၊ ဟက်ကာများနှင့် ဆက်နွှယ်မှုရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ပြီးနောက် တရုတ်အခြေစိုက် သတင်းအမှားဖြန့်သည့် လှုပ်ရှားမှုများသည် အလွန်စိုးရိမ်စရာ ကောင်းသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဆစ်ခ်ခွဲထွက်ရေးသမားများကို တွေ့ရစဉ်

ဆစ်ခ်ခွဲထွက်ရေးအဖွဲ့များနှင့် တရုတ်ဆိုက်ဘာ ကုမ္ပဏီများအကြား ဆက်နွှယ်မှုသည် အလွန်သတိထားရမည့် အဆင့်သို့ ရောက်ရှိနေကြောင်း ဝါရှင်တန် (Washington) အခြေစိုက် မူဝါဒရေးရာအကြံပေးပုဂ္ဂိုလ်လည်းဖြစ် ပထဝီနိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်သည့် အတ်ဆက်ဗ် ဆန်ဒူဂျား (Utsav Sanduja) က ပြောကြားခဲ့ သည်။

တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Qihoo 360 သည် ခါလစ္စတန်အရေးတွင် တရုတ်၏ စိတ်ဝင်စားမှုများ မြင့်တက် နေမှုနှင့်အတူ ဆစ်ခ်ခွဲထွက်ရေး ဝါဒဖြန့်မှုများကို တွန်းအားပေး လုပ်ဆောင်ခဲ့သည်ဟု လန်ဒန် (London) အခြေစိုက် နိုင်ငံတကာလုံခြုံရေးကျွမ်းကျင်သူ ခရစ် ဘလက်ဘန်း (Chris Blackburn) က ပြောသည်။

“Qihoo 360 ကုမ္ပဏီဟာ တရုတ်အစိုးရနဲ့ ဆက်နွှယ်မှုရှိပြီး အဲဒီကုမ္ပဏီရဲ့ ထောက်လှမ်းရေးဆန်တဲ့ အသွင်အပြင် ကြောင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ ကုမ္ပဏီပါ။ အဲဒါကြောင့် ခါလစ္စတန် ခွဲထွက်ရေး လှုပ်ရှားမှုနဲ့ တရုတ်အကြား ဆက်နွှယ်မှုရှိနေတဲ့ ယုံကြည်ရလောက်တဲ့ သက်သေဖြစ်နေပါတယ်" ဟု ဘလက်ဘန်းက ပြောကြားခဲ့သည်။

Source: စင်္ကာပူပို့စ်