CNI International News

ဘန်ကောက်၊ ဇွန် ၂၇

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဇွန် ၂၅ ရက်က ဖြူးထိုင်းပါတီ ဌာနချုပ်တွင် နိုင်ငံရေးသင်ခန်းစာများကို ပို့ချခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီ အကယ်ဒမီတွင် ပြုလုပ်သည့် သင်ခန်းစာပို့ချမှုအတွင်း ဖြူးထိုင်းပါတီ လွှတ်တော်ကိုယ်စားလှယ်အများစုတက်ရောက်ခဲ့ပြီး သက်ဆင်သည် မကြာသေးမီက လွှတ်တော်အတွင်း အသုံးစရိတ်လျာထားမှုနှင့်ပတ်သက်ပြီး အေချအတင်ဆွေးနွေးခဲ့သည့်အကြောင်းများကို နားထောင်ခဲ့သည်။

ထို့နောက်သက်ဆင်က လွှတ်တော်အမတ်များကို ချီးးကျူးခဲ့ပြီး ၎င်းတို့၏အရည်အချင်းများ ပိုမိုတိုးတက်လာစေရန် စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို လေ့လာသင်ယူကြရန် တိုက်တွန်းခဲ့သည်။

"ဝမ်းစာပြည့်နေပြီဆိုတဲ့ပုံစံမျိုးမလုပ်ကြပါတယ်။ အသိပညာ၊ဗဟုသုတတွေကို ပိုပြီး ရှာမှီးကြပါ" ဟု သက်ဆင်က ပြောကြားခဲ့သည်။

ထိုနိုင်ငံရေးသင်ခန်းစာများးပို့ချမှုကို တက်ရောက်နားထောက်သူများထဲတွင် သက်ဆင်၏ သမီးဖြစ်သူ ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုံတန် ရှင်နာဝပ် (Paetongtarn Shinawatra) လည်း တက်ရောက်ခဲ့သည်။  

သက်ဆင်သည် နိုင်ငံရေးသင်ခန်းစာများကို ပို့ချခဲ့ပြီးနောက် လူမှုမီဒီယာများပေါ်တွင် ၎င်း၏ တပည့်များနှင့်အတူ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများကို တင်ခဲ့သည်။

သက်ဆင်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက ထိုင်ငးနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီးနောက် ယခုအကြိမ်သည် ဖြူးထိုင်းပါတီဌာနချုပ်သို့ ဒုတိယအကြိမ်မြောက် လာရောက်ခြင်းဖြစ်သည်။

မကြာသေးမီက တော်ဝင်အသရေဖျက်မှုစွဲချက်၊ ကွန်ပျူတာရာဇဝတ်မှု အက်ဥပဒေကိုချိုးဖောက်မှုစွဲချက်တို့ဖြင့် စွပ်စွဲပြစ်တင်ခံထားရသည့် သက်ဆင်သည် ထိုအမှုများနှင့်ပတ်သက်ပြီး ဘတ် ၅၀၀၀၀၀ အာမခံဖြင့် လွတ်မြောက်ခဲ့သူဖြစ်သည်။

သက်ဆင်ကမူ ၎င်းအပေါ်စွဲဆိုထားသည့် စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ပြည်သူ့မြင်ကွင်းသို့ထွက်ကာ နိုင်ငံရေးးကိစ္စများကို မှတ်ချက်ပေးလေ့ရှိသည်။ ထို့ပြင်သူသည် ဖြူးထိုင်းပါတီ၏ မဟာဗျူဟာများနှင့် ဆုံးဖြတ်ချက်ချမှတ်မှုများကို နောက်ကွက်မှ ကြိုးကိုင်နေသည်ဟု ယူဆခံထားရသည်။

Source: Thai PBS World