CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲများ ပြင်းထန်နေပြီး မြို့ခံအချို့ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်မဲမြို့တွင် မြန်မာ့တပ်မတော်နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ ပြည်သူ့ကာကွယ် ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ဇွန်လ ၂၅ ရက်ကစတင်၍ တိုက်ပွဲဖြစ်နေသည်။

အဆိုပါ တိုက်ပွဲများအတွင်း ရပ်ကွက်အချို့မှာ ဒေသခံများ ပိတ်မိနေကြောင်း၊ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ကျောက်မဲဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ကလည်း အပြင်မထွက်နိုင်တော့ဘူးနော်၊ ခတ်များများ မြို့ပေါ်မှာရှိတဲ့ ဒေသခံတွေကတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေနေကြရတယ်၊ အပြင်ထွက်ဖို့ သိပ်မရဲတော့ဘူးပေါ့နော်၊ ထွက်လို့မရတဲ့ အခြေအနေမှာ ရှိနေတယ်၊ သေနတ်သံတွေ လက်နက်ကြီးသံတွေက ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ အကုန်ကြားနေရတော့ ဘယ်သွားမယ်မှန်းတော့ မသိတော့ဘူးပေါ့နော်၊ အဲဒီလိုပဲ အိမ်ထဲမှာ နေနေကြရတယ်ပေါ့နော်၊ ဆိုင်တချို့တော့ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တော့ ဆိုင်တွေလည်း ပိတ်ထားတာ များပါတယ်။ ပိတ်ထားတာ များတယ်ဆိုတော့ ဝယ်လို့ လည်း မရတော့ဘူးပေါ့နော်၊ သွားလို့လည်း မရတော့ဘူးဆိုတော့ ကုန်ဈေးနှုန်းကလည်း တက်လား/ကျလား တောင် မပြောတတ်တော့ဘူး။ ဝယ်မှ မရတော့တဲ့ဟာ ဈေးသည်တွေလည်း မရှိတော့ဘူး၊ ပိုက်ဆံရှိရင်တောင် ဝယ်ရခက်သွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့နော်၊ အခုက အဲဒီလို ဖြစ်နေပါတယ်” ဟု ပြောသည်။

ကျောက်မဲမြို့မှာ လူသူရှင်းလင်းနေသလို တိုက်ပွဲအတွင်းပိတ်မိနေသော လူထုကိုတွေ့ရစဉ်

လက်ရှိတွင် ကျောက်မဲမြို့ပေါ်ရှိ ဆေးရုံ၊ ဌာနဆိုင်ရာများကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားကြောင်း၊ ဆက်လက်၍ ခြေမြန်တပ်ရင်း (ခမရ ၅၀၁၊ ၅၀၂) ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ မြို့ခံအချို့မှာ နေရပ်စွန့်ခွာရန် ကြိုးပမ်းနေရသလို အချို့မှာလည်း မည်သည့်အခြေအနေကို ရင်ဆိုင်ရပါစေ နေရပ်မစွန့်နိုင်ဟု ပြောနေကြကြောင်း ကျောက်မဲမြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူတွေက အဲဒါမစဉ်းစားနိုင်ပါဘူး။ ဝင်ငွေတွေလည်း အကုန်ရပ်ကုန်တယ်လေ၊ ဘာမှ လုပ်မရဘူး။ အကုန် ရပ် ဝင်ငွေတွေ အကုန်ရပ်တဲ့အခါကြတော့ နေ့စဉ်စားဖို့ သောက်ဖို့တွေ ချွေတာပြီးသုံးပေါ့၊ နေမကောင်း ထိုင်မသာ ဖြစ်ရင်လည်း ဆေးရုံက ဆေးမကုပေးနိုင်ဘူး။ ဆေးရုံးက လူနာတက်ရင်လည်း လက်မခံဘူး။ အခုတော့ အကုန် သိမ်းလိုက်ပြီ။ ဆေးရုံတွေ ဘာတွေကလည်း TNLA က သိမ်းလိုက်ပြီဆိုတော့ ကိုယ်ကျန်းမာအောင်နေပေါ့ဗျာ၊ အဲဒီတော့ လူတွေကတော့ ထိတ်ထိတ်ပျာပျာနဲ့ ဒီလိုနေရမှာပဲ၊ ကိုယ့်ရပ်ရွာလည်း စွန့်ခွာသွားချင်တဲ့ လူရှိသလို မစွန့်နိုင်တဲ့လူတွေလည်း ရှိတယ်။ အဲဒီတော့ စွန့်ခွာထွက်ဖို့ဆိုတာလည်း ထွက်ပေါက်တွေ ပိတ်နေတယ်၊ အကုန် လုံး ပိတ်ထားတယ်၊ မစွန့်ချင်တဲ့ လူတွေကြတော့လည်း ဘာဖြစ်လို့လဲဆိုတော့ သွားစရာနေရာထိုင်ခင်း ဘယ်သွား ရမှန်း မသိဘူး။ ကျောထောက်နောက်ခံ မရှိဘူးပေါ့၊ သေလည်း သေပါစေပေါ့ဆိုပြီးတော့ အဲဒီလို နေနေကြရတယ်၊ အဲဒီအခု လတ်တလော အဲဒီလိုကို ဖြစ်နေကြတယ်” ဟု ပြောသည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ် (Frontier Myanmar)

မိမိတို့ အနေဖြင့် အခြားဒေသသို့ တိုက်ပွဲရှောင်လိုသည့် ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ရန် နှစ်ဖက် အဖွဲ့အစည်းထံ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်က ရှမ်းမြောက်ရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာတို့တွင် မြန်မာ့တပ်မတော်နှင့် TNLA ပူးပေါင်းမဟာမိတ်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်။