CNI International News

ဘေရွတ်၊ ဇွန်လ ၂၈

အစ္စရေးက လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို စစ်ပွဲဆင်နွှဲခဲ့မည်ဆိုလျှင် အစ္စရေးကို တိုက်ခိုက်ရန် အသင့်ရှိ ကြောင်း လက်ဘနွန်နိုင်ငံမှ ပါလက်စတိုင်းများက ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံတွင် ခိုလှုံနေသည့် ပါလက်စတိုင်းများသည် ဂါဇာဒေသအား အစ္စရေး၏ တိုက်ခိုက်မှုကို ဒေါသ တကြီးဖြင့် စောင့်ကြည့်နေကြခြင်းဖြစ်ပြီး လက်ရှိတွင်လည်း အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

ဂါဇာဒေသကို အစ္စရေးက ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်ကတည်းက ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးကို တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူပေါင်း ၃၇,၀၀၀ ကျော် သေဆုံးခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကမူ ဂါဇာတွင် အပစ်အခတ် မရပ်စဲမချင်းနှင့် ဂါဇာ၌ ဗုံးကြဲတိုက်ခိုက်မှုများကို အစ္စရေးက မရပ်တန့်မချင်း အစ္စရေးအား တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဟု ကြေညာထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်းကို ဟစ်ဇ်ဘိုလာအဖွဲ့၏ မဟာမိတ်ဖြစ်သည့် ဟားမာ့စ်အဖွဲ့က ရုတ်တရက် ဝင်ရောက်မှုကြောင့် လူပေါင်း ၁၁၃၉ ဦးသေဆုံးခဲ့သည်။

အစ္စရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

ထို့နောက် လူပေါင်း ၂၅၀ ခန့် ပြန်ပေးဆွဲ ခံခဲ့ရပြီးနောက် အစ္စရေးက ဂါဇာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ် (Beirut) မြို့တော်ရှိ ရှာတီလာ (Shatila) အမည်ရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်း တစ်ခုတွင် နေထိုင်သည့် ပါလက်စတိုင်းကမူ ၎င်းတို့သည် အစ္စရေးကို ကြောက်ရွံ့ခြင်း မရှိကြောင်း၊  အစ္စရေးနှင့် စစ်ပွဲ ဖြစ်ပွားလာပါက ဟစ်ဇ်ဘိုလာအဖွဲ့ကို ကူညီပေးမည်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနသို့ ပြော ကြားခဲ့သည်။

သို့သော် အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ပါလက်စတိုင်း ဒုက္ခသည် စခန်းများကဲ့သို့ လူနေထူထပ်သည့် နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်ဆောင်နိုင်သဖြင့် ၎င်းတို့၏ မိသားစုများနှင့် အရပ်သားများ၏ လုံခြုံရေးကို စိုးရိမ်မိကြောင်း ပါလက်စတိုင်းဒုက္ခသည် အမျိုးသားများက ပြောသည်။

“အစ္စရေးစစ်တပ်က ကျင့်ဝတ်သိက္ခာမရှိပါဘူး။ သူတို့က လူ့အခွင့်အရေးကို လေးစားလိုက်နာတာ၊ ကလေးတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းစဉ်းစားတာတွေ မရှိပါဘူး” ဟု ရှာတီလာဒုက္ခသည်စခန်းမှ ပါလက်စတိုင်း လွတ်မြောက်ရေးတပ်ဦး-အထွေထွေဌာနချုပ် (PFLP-GC) က ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း ၁၂ ခုတွင် ပါလက်စတိုင်းဒုက္ခသည် ၂၅၀,၀၀၀ ခန့် ခိုလှုံနေထိုင်လျက် ရှိပြီး ၁၉၄၈ ခုနှစ်တွင် အစ္စရေး၏ နှင်ထုတ်မှုကြောင့် လက်ဘနွန်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက် ခဲ့ကြသူများ ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား