CNI News

၂၀၂၄ ခုနှစ်၊ ဇွန် ၂၈

သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်မှာ မြန်မာ့နိုင်ငံရေး ပဋိပက္ခအပေါ် အကျိုးသက်ရောက်မှု ဘယ်လို ရှိလာနိုင်သလဲ နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်များအကြား သုံးသပ်ဆွေးနွေးလျက်ရှိနေသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တကျော့ပြန်စစ်ပွဲ စတင်ချိန်၌ သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏ တရုတ်ပြည်ခရီးစဉ် ပေါ်ပေါက်လာကြောင်း၊ ထိုခရီးစဉ်သည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (TNLA-MNDAA- AA)ကြားရှိ ဟိုင်ဂင်သဘော တူညီချက်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိနိုင်ကြောင်း ပြောဆိုမှုများ ရှိနေသည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်သည် ဆက်ဆံရေး လမ်းကြောင်းကို ပြန်ရှာသည့် သဘောဟု ယူဆ ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။

၎င်းက “တစ်ကတော့ သူ(ဦးသိန်းစိန်)တက်တဲ့ပွဲက ကျနော်တို့သိတယ်၊ ဘန်ဒေါင်းညီလာခံက ဘန်ဒေါင်း သဘောတူချက် ထွက်တဲ့ရက်ကို သွားတာ၊ ဘန်ဒေါင်းမှာတုန်းက ချူအင်လိုင်းရယ်၊ ဦးနုရယ်၊ နေရူးရယ်၊ ဂန်အို ရယ်၊ သူတို့ ခေါင်းဆောင်တွေ ဆုံပြီးတော့ ရထားတဲ့ ငြိမ်းချမ်းစွာ (အတူ)ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို အဲဒီပွဲကို အကြောင်းပြလို့ ဦးသိန်းစိန်ကို လွှတ်တဲ့အခါကြတော့ ပြဿနာက တခြား  လက်ရှိ အရေးအခင်းတွေလည်း ပါနိုင် တယ်လို့တော့ ပြောလို့ရတယ်၊ သို့သော်လည်းပဲ ဦးသိန်းစိန်ကို ထုတ်သုံးတာကတော့ တရုတ်လည်း လိုလားတယ်၊ ဒီဖက်ကလည်း ဦးသိန်းစိန်ကို မေတ္တာရပ်ခံတော့ ဦးသိန်းစိန်လည်း လိုက်သွားတဲ့ သဘောပါပဲ၊ ကျနော်ထင်တာ တော့ တစ်ခါထဲနဲ့တော့ သဘောတူညီချက်တွေ ရဖို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆက်ဆံရေး လမ်းကြောင်း ပြန်ဖောက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်တဲ့ လမ်းစကို ပြန်ရှာတဲ့သဘောလို့ ကျနော်ယူဆတယ်ဗျ” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က တရုတ်ပြည်သို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန် သွားရောက်စဉ်

၁၉၅၅ ခုနှစ်၊ ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် ကျင်းပခဲ့သည့် ဘန်ဒေါင်းညီလာခံသို့ အာရှ-အာဖရိက မှ နိုင်ငံပေါင်း ၂၉ နိုင်ငံက ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး တရုတ်၊ အိန္ဒိယနှင့် မြန်မာ သုံးနိုင်ငံ သဘောတူ ညီထားသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို အတည်ပြုခဲ့ကြသည်။

ထို့နောက် နှစ်ပေါင်း ၇၀ ပြည့် အခမ်းအနားကို သမ္မတ(ငြိမ်း)  ဦးသိန်းစိန်၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနုတို့ တက်ရောက်ရန် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်မှတဆင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးအပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေအနေ များကို ဆွေးနွေးနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

အဆိုပါ အခမ်းအနားသို့ ဦးသိန်းစိန် တက်ရောက်ခြင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တိုက်ပွဲမှာ ဆက်စပ်မှု မရှိကြောင်း၊ ဟိုင်ဂင်စာချုပ်မှာလည်း ပြည်တွင်းပဋိပက္ခကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က တရုတ်ပြည်သို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန် သွားရောက်စဉ်

၎င်းက “မူကြီး ၅ ချက်ကလည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး နောက်ပြီးတော့ တိုင်းပြည်တစ်ပြည်ရဲ့ အတွင်းရေးကို မစွက်ဖက်ရေး စတဲ့ မူတွေဖြစ်တဲ့အခါကြတော့ ဒါတွေက စစ်ကောင်စီအနေနဲ့ သူသဘောကျတဲ့ နိုင်ငံရေးလိုင်းဖြစ်တဲ့ အခါကြတော့ နောက်တစ်ခုက တရုတ်ပြည်ကလည်း ဖိတ်တဲ့အခါကြတော့ သွားတယ်လို့ပဲ ယူဆပါတယ်။ ကျနော်ထင်တာကတော့ ဟိုင်ဂင်အစည်းအဝေးဆိုတာ အတင်းဆွဲယူပြီးတော့ တွေးတာ၊ ကျနော်တို့ ဗမာပြည်ထဲမှာ ဖြစ်နေတဲ့ အကြောင်းကိစ္စတွေဆိုတာ စစ်ရေးပဋိပက္ခ၊ နိုင်ငံရေးပဋိပက္ခတွေ အကြောင်းပြုပြီး တော့ ပေါ်ပေါက်လာတဲ့ ဟိုင်ဂင်အစည်းအဝေးနဲ့ ဒီအစည်းအဝေးနဲ့ မတူပါဘူး။ ဒါကလည်း အစိုးရကိုယ်စားလှယ် အနေနဲ့ သွားတဲ့သဘောလည်း မဟုတ်ပါဘူး။ အခမ်းအနားသဘောလို့ပဲ ကျနော်က ယူပါတယ်။ ဒါမှမဟုတ် အများ မျှော်လင့်နေတဲ့ ဟိုင်ဂင်အစည်းအဝေး ပျက်ပြီးတော့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ အခြေအနေမှာ ဦးသိန်းစိန်သွားတယ်ဆိုတာ တိုက်ဆိုင်တာ ကျနော်ကတော့ ဒီလိုပဲ မြင်တယ်ဗျ” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် တရုတ်က ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိကာ မြန်မာ့တပ်မတော်နှင့် TNLA-MNDAA-AA တို့ကြား အပစ်အခတ်ရပ်စဲခဲ့ကြသည်။

ထို့နောက် ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်သည်ဟု မြန်မာ့တပ်မတော်နှင့် TNLA တို့ အပြန်အလှန် စွပ်စွဲပြီး ဇွန်လ ၂၅ ရက်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။