CNI International News

မနီလာ၊ ဇွန်လ ၂၈

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်ရေတပ်၏ ထောက်ပို့မစ်ရှင်အတွင်း တရုတ်၏ တရားမဝင် လုပ်ရပ်ကို ဆန့်ကျင်ခြင်းထက် ပိုမိုထိရောက်သည့် အစီအစဉ်များ လုပ်ဆောင်ရမည်ဟု ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr) က ဇွန်လ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာ မှ ဖော်ပြခဲ့သည်။

ဇွန်လ ၁၇ ရက်က တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ဖိလစ်ပိုင်ရေတပ် သင်္ဘောများ အကြား ခိုက်ရန်ဖြစ်ပွားမှု၌ ဖိလစ်ပိုင်သင်္ဘောသားတစ်ဦး ဒဏ်ရာရသွားခဲ့သည်။

ထိုဖြစ်စဉ်သည် တရုတ်၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြား ခဲ့သည်။

 တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောတစ်စီးကိုတွေ့ရစဉ်

“ကျနော်တို့ဘက်က ဆန့်ကျင်ကန့်ကွက်မှုတွေ၊ စောဒက တက်တာတွေကို အကြိမ်ပေါင်း ရာချီ ပြုလုပ်ခဲ့ပြီးပါပြီ၊ နိုင်ငံရေးနည်းလမ်းတွေနဲ့လည်း လုပ်ဆောင်ခဲ့ပြီးပါပြီ။ အခုဆိုရင် အဲဒီထက်ပိုပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်” ဟု မားကို့စ်က မနီလာ (Manila) မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သော်လည်း အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ဇွန်လ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပစ်ခတ်မှုများ မရှိခဲ့သဖြင့် တရုတ်၏ လုပ်ရပ်ကို လက်နက် (သေနတ်)ကိုင် တိုက်ခိုက်မှုဟု မယူဆနိုင်ကြောင်း၊ တရုတ်သည် Second Thomas သောင်ခုံအနီးတွင် ကျောက်ချ ရပ်နားထားသည့် သင်္ဘောပေါ်ရှိ စစ်သားများအတွက် ရိက္ခာများပေးပို့သော ဖိလစ်ပိုင်ထောက်ပို့ သင်္ဘောများကို တားဆီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မားကို့စ်က ပြောကြားခဲ့သည်။

မားကို့စ်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မနီလာမြို့တော်ရှိ တရုတ်သံရုံးကို မှတ်ချက် ပေးရန် တောင်းဆိုခဲ့သော်လည်း တရုတ်သံရုံးက ချက်ချင်းတုန့်ပြန်ခဲ့ခြင်းမရှိပေ။

တရုတ်၏ လုပ်ရပ်များကို ဝေဖန်ရှုတ်ချသည့် အမေရိကန်ကမူ ဖိလစ်ပိုင်ကို ကာကွယ်မည့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) နှင့် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးတို့အကြား ဖုန်းဆက် သွယ် ပြောဆိုမှုအတွင်း ထပ်လောင်း အတည်ပြုခဲ့သည်။

တရုတ်နဲ့ဖိလစ်ပိုင် ရေပိုင်နက်အငြင်းပွားနေစဉ်

“အရာရှိနှစ်ဦးစလုံးက နိုင်ငံတကာဥပဒေအရ ခွင့်ပြုချက်ရှိတဲ့ ဘယ်နေရာ ဒေသမှာမဆို နိုင်ငံတိုင်းအတွက် လေယာဉ်ပျံသန်းခွင့်တွေ၊ သင်္ဘောမောင်းနှင်ခွင့်တွေ ရှိတယ်ဆိုတဲ့အချက်ကို အဓိကထား ဆွေးနွေးခဲ့ါတယ်” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်သည် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကုန်သွယ်ရေးအတွက် အသက်သွေးကြော တစ်ခုဖြစ် ပြီး တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးအတွက် အဓိကကျသည့် အရေးကိစ္စတစ်ခု ဖြစ်သည်။

တရုတ်သည် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ် အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖိလစ်ပိုင် အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့နှင့် ပိုင်ဆိုင်မှုများ အငြင်းပွားလျက်ရှိသည်။

Source: ရိုက်တာ