CNI International News

လာပက်ဇ်၊ ဇွန်လ ၂၈

ဘိုလီဗီးယားနိုင်ငံတွင် ဇွန်လ ၂၆ ရက်က အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ဘဲ သမ္မတ လူးဝစ် အာရ်စီ (Luis Arce) ၏ အစိုးရအဖွဲ့ကပဲ အာဏာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ကျွမ်းကျင်သူများကမူ ထိုအာဏာသိမ်းရန် ကြိုးပမ်းမှုကို ဖြစ်စေခဲ့သည့် နောက်ကွယ်မှ အကြောင်းရင်းခံများအား လေ့လာလျက်ရှိပြီး ငွေကြေးဖောင်းပွမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးမှုတို့ကြောင့် နိုင်ငံအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်ဟု ယူဆခဲ့ကြသည်။

ဘိုလီဗီးယား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ၂၀၁၀ ပြည့်နှစ်မှစပြီး နှစ်စဉ် ၄ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုနှင့်အတူ စီးပွားရေးလည်း သိသိသာသာကျ ဆင်းခဲ့သည်။ 

၂၀၁၄ ခုနှစ်ကလည်း ဘိုလီဗီးယားနိုင်ငံအတွင်း ကုန်စည်စျေးနှုန်းများ ကျဆင်းမှုနှင့် အစိုးရ၏ နိုင်ငံခြားအရံငွေ များလည်း လျော့ကျလာခဲ့ကာ ပြည်တွင်းတွင် ဒေါ်လာများ ထုတ်ရောင်းခဲ့ရသည်။

ယခင်သမ္မတ အီဗို မိုရာလက်စ် (Evo Morales) လက်ထက်က လက်ရှိသမ္မတ အာရ်စီသည် ဘဏ္ဍာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ 

အာရ်စီသည် ၂၀၂၀ ပြည့်နှစ်တွင် သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်ခဲ့ရသည်။

အာဏာသိမ်းရန် ဦးဆောင်သည့် ဗိုလ်ချုပ်ကြီး ဖမ်းခံရစဉ်

သို့သော် လက်ရှိ အချိန်အထိ စီးပွားရေး ပြန်လည် ဦးမော့မလာသေးဘဲ လောင်စာများ ဝယ်ယူတင်သွင်းရန် ရုန်းကန်နေရသဖြင့် နိုင်ငံအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီများပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ကပ်ရောဂါဖြစ်ပွားသည့် ခုနှစ်များကို ထည့်တွက်ခြင်း မရှိပါက ယခုနှစ်သည် ဘိုလီဗီးယား၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ၂၅ နှစ်အတွင်း အနှေးကွေးဆုံး ဖြစ်လာလိမ့်မည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။

ထို့ကြောင့် ထိုအကြောင်းအရာများသည် နိုင်ငံအတွင်း တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဖြစ်စေခဲ့သည့် နောက်ကွယ်မှ အကြောင်းရင်းများ ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။ 

လက်ရှိတွင်လည်း တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့သည့် ယခင်သမ္မတ မိုရာလက်စ်နှင့် ယခုသမ္မတအာရ်စီတို့အကြား နိုင်ငံရေးအားပြိုင်မှုများ ဖြစ်ပွားလျက်ရှိသည်။ 

ဘိုလီဗီးယားနိုင်ငံတွင် ၁၈၂၅ ခုနှစ်က လွတ်လပ်ရေး ရပြီးကတည်းက အာဏာသိမ်းရန် ကြိုးပမ်းမှုများနှင့် တော်လှန်မှုများ အကြိမ်ပေါင်း ၁၉၀ ကျော် ဖြစ်ပွားခဲ့သည်။

Source: အေပီ