CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၉

တရုတ်၏ လုံခြုံရေးခြိမ်းခြောက်မှုများ၊ မျှတမှုမရှိသည့် ကုန်သွယ်ရေး အစီအစဉ်များနှင့်ပတ်သက်ပြီး အမေရိကန် အောက်လွှတ်တော်က ဇွန်လ ၂၆ ရက်တွင် ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု  South China Morning Post မှ ဖော်ပြခဲ့သည်။

အဆိုပါ ကြားနာစစ်ဆေးမှုအတွင်း တရုတ်လုပ် လျှပ်စစ်ကားများကို အမေရိကန်စျေးကွက်အတွင်း အရေအတွက် ကန့်သတ်ရေး၊ တရုတ်လုပ် တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် အစိတ်အပိုင်းများကို အမေရိကန်စျေးကွက်အတွင်း ပိတ်ပင်ရေး၊ အမေရိကန် ဆိပ်ကမ်းများတွင် ဆိုက်ကပ်မည့် တရုတ်လုပ်သင်္ဘောများကို အခကြေးငွေများ ပိုမို ကောက်ခံရေး အစရှိသည့် ကိစ္စရပ်များ ပါဝင်ခဲ့သည်။

ထို့ပြင် တရုတ်နည်းပညာကဏ္ဍ၏ မျှတမှုမရှိသည့် ကုန်သွယ်ရေး အစီအစဉ်များနှင့် အမျိုးသားလုံခြုံရေး အန္တရာယ် များကို ဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း ဖက်ဒရယ်အရာရှိများနှင့် အောက်လွှတ်တော်အဖွဲ့ဝင်များက ပြောကြားခဲ့သည်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာ ရိုင်မွန်ဒို (Gina Raimondo) က ယခုနှစ်ကုန်ပိုင်းတွင် တရုတ်၏ လျှပ်စစ် ကားများနှင့်ပတ်သက်ပြီး အချက်အလက် စုဆောင်းမှုများအပေါ် စည်းကမ်းများ ထုတ်ပြန်ရန် ရည်ရွယ်ထား ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပို့ကုန်များကိုတွေ့ရစဉ်

“အမေရိကန်ရဲ့ လမ်းတွေပေါ်မှာ တရုတ်လုပ်ကားတွေ ၁ သန်းရှိပြီဆိုပါစို့။ အဲဒီကားတွေဟာ အချင်းချင်း ချိတ်ဆက်မှုရှိရှိနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စုဆောင်းပြီး တရုတ်နိုင်ငံကို ပြန်လည် ပေးပို့နေမယ်ဆိုရင် ကျမတို့အနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမှာပါ” ဟု ရိုင်မွန်ဒိုက ပြောကြားခဲ့သည်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ရေးဆွဲနေသည့် စည်းမျဉ်းစည်းကမ်း မူကြမ်းများသည် အမေရိကန်၏ လမ်းများပေါ်မှ တရုတ်လုပ် လျှပ်စစ်ကားများကို ပိတ်ပင်မှုမှအစ ထိုကားများ၏ ဆော့ဖ်ဝဲများအထိ လွှမ်းခြုံ သက်ရောက်သည့် စည်းကမ်းများ ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

နောက်ထပ် ကြားနာစစ်ဆေးမှု တစ်ခုတွင်လည်း လွှတ်တော်အမတ်များက တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သင်္ဘော တည်ဆောက်မှုနှင့် ဒရုန်းများ ထုတ်လုပ်မှုနယ်ပယ်တွင် တရုတ်၏ လွှမ်းမိုးမှုကို လျှော့ချရန် အမေရိကန် ကျွမ်းကျင်သူများထံမှ အဆိုပြုချက်များကို နားထောင်ခဲ့ကြသည်။

အမေရိကန်နဲ့တရုတ် ကိုယ်စားလှယ်များကိုတွေ့ရစဉ်

အီလီနွိုက်စ် (Illinois) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ရာဂျာ ခရစ္စနာမိုရ်သီ (Raja Krishnamoorthi) ကလည်း တရုတ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်းမရှိပါက အန္တရာယ်ကို ဖိတ်ခေါ်ရာ ရောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

တရုတ်၏ စျေးပေါသည့် ကုန်ထုတ်လုပ်မှုကဏ္ဍမှ ထွက်ရှိသည့် သွင်းကုန်များ မြင့်တက်လာမှုကြောင့် စျေးကွက် မတည်တငြိမ်ဖြစ်မှုကို လျှော့ချရန် ကာလတို ထုတ်ပြန်ထားသော အခွန်ဥပဒေပုဒ်မ ၄၂၁ ကို ပြန်လည် အသက် သွင်းရန် အချိန်ကျပြီဖြစ်ကြောင်းလည်း ခရစ္စနာမိုရ်သီက ပြောကြားခဲ့သည်။ 

ထိုဥပဒေပုဒ်မသည် ၂၀၂၃ ခုနှစ်က သက်တမ်းကုန်ခဲ့ခြင်းဖြစ်သည်။

Source: SCMP