CNI International News

အတ္တလန္တာ၊ ဇွန်လ ၂၉

အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ကိုယ်စားလှယ်လောင်း နှစ်ဦးအကြား စကားစစ်ထိုးပွဲများ ပြုလုပ်လေ့ ရှိသည့် အစဉ်အလာအတိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ဇွန်လ ၂၇ ရက်နေ့ ညပိုင်းက စကားစစ်ထိုးပွဲ ပြုလုပ်ခဲ့သည်ဟု ရိုက်တာမှ 
ဖော်ပြခဲ့ သည်။

ဂျော်ဂျီယာ (Georgia) ပြည်နယ်၊ အတ္တလန္တာ (Atlanta) မြို့တွင် ပြုလုပ်သည့် အဆိုပါ စကားစစ်ထိုးပွဲတွင် ဘိုင်ဒန် နှင့် ဒေါ်နယ်ထရမ့်တို့သည် ကိုယ်ဝန်ဖျက်ချခွင့်၊ စီးပွားရေးကို စီမံကိုင်တွယ်မှုများနှင့်ပတ်သက်ပြီး တစ်ဦးနှင့်တစ်ဦး ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။

ထိုစကားစစ်ထိုးပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဘိုင်ဒန်သည် အသံဝင်ခြင်း၊ စကားထစ်ခြင်းတို့ ရှိခဲ့ပြီး ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်သည် ရွှေ့ပြောင်းနေထိုင်သူများ အပါအဝင် အရေးကိစ္စ အများအပြားတွင် မှန်ကန်မှုမရှိသည့် စကားများကို ပြောဆိုခဲ့သည်။

ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့် စကားစစ်ထိုးပွဲကို ကြည့်နေကြစဉ်

အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်နှင့် ၇၈ နှစ်အရွယ် ဒေါ်နယ်ထရမ့်တို့၏ စကားစစ်ထိုးပွဲတွင် အမေရိကန် သမိုင်း တစ်လျှောက် အသက်အကြီးဆုံး သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ စကားစစ်ထိုးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဒေါ်နယ်ထရမ့်သည် တရားရုံးချုပ်တွင် ရှေးရိုးစွဲဝါဒီများကို ခန့်အပ်ခြင်းဖြင့် နိုင်ငံတစ်ဝန်း ကိုယ်ဝန်ဖျက်ချခွင့်ကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း ဘိုင်ဒန်က ဝေဖန်ပြောဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်ကလည်း ဘိုင်ဒန်သည် ကိုယ်ဝန်ဖျက်ချမှုနှင့် ပတ်သက်ပြီး မည်သည့် တားမြစ်ကန့်သတ်ချက်ကို မဆို ထောက်ခံလိမ့်မည် မဟုတ်ကြောင်း၊ ထိုအရေးကိစ္စသည် လမ်းကြောင်းမှန်ပေါ် ရောက်နေသည့် နိုင်ငံကို နောက်ပြန်ဆွဲခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

 ဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့် စကားစစ်ထိုးပွဲ လုပ်နေကြစဉ်

ထို့ပြင် ဒေါ်နယ်ထရမ့်က ဘိုင်ဒန်သည် အမေရိကန် တောင်ပိုင်းဒေသကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ရာဇဝတ် သမားများ (ရွှေ့ပြောင်းများကို ရည်ညွှန်း) ကို ဝင်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။

“ဘိုင်ဒန်ဟာ ရွှေ့ပြောင်းနေထိုင်သူ အရေးမှာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုကို တုန့်ပြန်ရာတွင် ဘိုင်ဒန်က “သူ (ထရမ့်) ဟာ နောက်တကြိမ် ပုံကြီးချဲ့ပြော နေတာပါ။ သူလိမ်ပြောနေတာပါ” ဟု ပြောကြားခဲ့သည်။

CNN သတင်းဌာနမှ ထုတ်လွှင့်သည့် မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲသည် မျက်မှောက်ခေတ် သမ္မတရွေးကောက်ပွဲ အကြို စကားစစ်ထိုးပွဲများတွင် အစောဆုံးပြုလုပ်ခဲ့သည့် စကားစစ်ထိုးပွဲဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲ မတိုင်မီ ၄ လကျော်အလိုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Source: ရိုက်တာ