CNI International News

တိုင်ပေ၊ ဇူလိုင် ၂

တရုတ်နှင့်ထိုင်ဝမ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်က Tuo Chiang အမျိုးအစား Corvette သင်္ဘောနှစ်စင်းကို ရေတပ်သို့ တပ်တော်ဝင် အခမ်းအနားနှင့်တကွ တာဝန်အပ်နှင်းမှု ပြုလုပ်မည်ဟု The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တရုတ်၏ ရန်လိုမှုများကို ဆန့်ကျင်ရန် ထိုင်ဝမ်သည် ၎င်း၏ရေတပ် ကာကွယ်ရေးကဏ္ဍအား မြှင့်တင်သည့် အနေဖြင့် An Chiang နှင့် Wan Chiang အမည်ရှိ Corvette သင်္ဘောနှစ်စင်းကို ယခုသီတင်းပတ်အတွင်း တပ်တော်ဝင် အခမ်းအနား ပြုလုပ်မည်ဟု ထိုင်မ်စစ်တပ်အရာရှိတစ်ဦးက ကြေညာခဲ့သည်။

ထိုသင်္ဘောများသည် ဇူလိုင် ၃ ရက်တွင် တပ်တော်ဝင် အခမ်းအနား ပြုလုပ်ပြီးနောက် တိုက်ပွဲဝင်ကင်းလှည့်မှု မစ်ရှင်များ ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း Liberty Times ၏သတင်းကို ကိုးကားပြီး Taiwan News မှ ဖော်ပြခဲ့ သည်။

ထိုင်ဝမ်၏ ရေပြင်များအတွင်း တရုတ်ရေတပ်၏ ကျူးကျော် ဝင်ရောက်မှုများကို တန်ပြန်ရန် ထို Corvette သင်္ဘောများတွင် Hsiung Feng II နှင့် Hsiung Feng III သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားကြောင်း သိရသည်။

 Chiang corvettes စစ်သင်္ဘောကို ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်ဝမ် စစ်ဆေးနေစဉ်

An Chiang နှင့် Wan Chiang အမည်ရှိ Corvette သင်္ဘောနှစ်စင်း တပ်တော်ဝင်ပြီးချိန်တွင် ထိုင်ဝမ်ရေတပ်၌ Tuo Chiang အမျိုးအစား Corvette သင်္ဘော ၇ စင်းအထိ ရှိလာတော့မည်ဖြစ်သည်။

ထိုင်ဝမ်ရေတပ်၏ အစီအစဉ်အရ ဒုတိယအသုတ် Corvette သင်္ဘော ၅ စင်းအတွက် ဒုံးကျည်များ တပ်ဆင်မှုကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိနေသည်။

အစောပိုင်းက ထိုင်ဝမ်ရေတပ်သည် သက်တမ်း အိုဟောင်းနေပြီဖြစ်သည့် Ching Chiang အမျိုးအစား ကင်းလှည့် သင်္ဘောများ၏ နေရာတွင် Corvette သင်္ဘောများဖြင့် အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

သို့သော် တရုတ်ရေတပ်၏ လှုပ်ရှားမှုများ မြင့်တက်လာသဖြင့် ထိုင်ဝမ်ရေတပ်သည် တရုတ်ရေတပ်နှင့် သင်္ဘော တစ်စင်းချင်းစီ ယှဉ်ပြိုင်နိုင်ရန်အတွက် မဟာဗျူဟာအသစ် ချမှတ်ခဲ့သည်။

ထိုမဟာဗျူဟာတွင် သက်တမ်းရင့်နေပြီဖြစ်သည့် သင်္ဘောများကို အနားမပေးဘဲ နောက်ထပ် သင်္ဘောအသစ်များ ထပ်မံထုတ်လုပ်ပြီး ရေတပ်ကို သင်္ဘောများ ပိုမိုဖြန့်ကြက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Source: The Print