CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃

သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အနေဖြင့် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က ၎င်း၏ ဖွဲ့စည်းပုံဆိုင်ရာ အခွင့်အာဏာများအရ လုပ်ဆောင်ခဲ့သည့် မည်သည့် လုပ်ရပ်မျိုးအတွက်နှင့်မျှ တရားစွဲဆိုခံရမည် မဟုတ်ကြောင်း အမေရိကန်တရားရုံးချုပ်က ဇူလိုင် ၁ ရက်တွင် အမိန့်ချမှတ်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တရားရုံးချုပ်၏ ဆုံဖြတ်ချက်သည် တရားစွဲဆိုခံရမှုမှ ကာကွယ်ပေးထားသည့် သမ္မတဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုသည့် စီရင်ချက်တစ်ခုဖြစ်ခဲ့သည်။

ဒေါ်နယ်ထရမ့်ကို သမ္မတဆိုင်ရာ ကင်းလွတ်ခွင့်ပြုရန်အတွက် တရားသူကြီးချုပ် ဂျွန် ရောဘတ် (John Roberts) က ပြုလုပ်ခဲ့သည့် မဲခွဲဆုံးဖြတ်မှုတွင် တရားသူကြီး ၆ ဦးမှ ထောက်ခံမဲပေးခဲ့ပြီး ၃ ဦးမှာ ကန့်ကွက်မဲပေးခဲ့သည်။

တရားရုံးဆုံးဖြတ်ချက်ကိုတွေ့ရစဉ်

ထို့ကြောင့် ဒေါ်နယ်ထရမ့်သည် ၂၀၂၀ ပြည့်နှစ်က သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို ရှုံးနိမ့်ခဲ့သည့် ရွေးကောက် ပွဲတွင် မဲရလဒ်များအား ပြောင်းပြန်လှန်ရန် အားထုတ်ကြိုးပမ်းမှု အပါအဝင် ဖက်ဒရယ် ရာဇဝတ်မှုဆိုင်ရာ စွဲချက် များမှ ကင်းလွတ်ခွင့်မရှိကြောင်း ငြင်းဆိုခဲ့သည့် အောက်တရားရုံး၏ ဆုံးဖြတ်ချက်မှာ ပျက်ပြယ်သွားခဲ့သည်။

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းဖြစ်သည့် ဒေါ်နယ်ထရမ့်သည် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် လောင်းဖြစ်သော ဘိုင်ဒန်နှင့် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် မကျေပွဲ ထပ်မံယှဉ်ပြိုင် ရမည်ဖြစ်သည်။

“ကျနော်တို့ဟာ ဒီအမှုကို ဖွဲ့စည်းပုံဆိုင်ရာ တရားရေးစနစ်အောက်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာရဲ့ သဘောသဘာဝအရ သမ္မတဟာ သူတာဝန် ထမ်းဆောင်နေချိန်အတွင်း တရားဝင်မှု ရှိတဲ့ လုပ်ရပ်တွေအတွက် ပြစ်မှုဆိုင်ရာ တရားစွဲဆိုခံရမှုကနေ ကင်းလွတ်ခွင့်ရှိပါတယ်” ဟု ရောဘတ်က ပြော ကြားခဲ့သည်။

 ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့်အညီ ဒေါ်နယ်ထရမ့်အတွက် သမ္မတဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အပြည့်အဝရှိကြောင်း၊ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လုပ်ပိုင်ခွင့်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များ အတွက် တရားစွဲဆိုခံရမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘိုင်ဒန်ကမူ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်သည်  အန္တရာယ်များသည့် စီရင်ထုံးတစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို ဥပဒေဖြင့် ထိန်းချုပ်၍ မရနိုင်တော့ခြင်းကြောင့်ဖြစ်သည်ဟု ပြောကြား ခဲ့သည်။

“အမေရိကန်မှာ ဘုရင်တွေ မရှိဘူးဆိုတဲ့ မူဝါဒအပေါ်မှာ ဒီနိုင်ငံကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိပါဘူး။ ဥပဒေရဲ့ အထက်မှာ အမေရိကန်သမ္မတတောင် မရှိရပါဘူး” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ