CNI International News

ဝါရှင်တန်၊ ဇူလိုင် ၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)က သူသည် အမေရိကန်သမ္မတအဖြစ် နောက်တစ်ကြိမ် ရွေးကောက်ခံရမည်ဆိုပါက ရုရှား-ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်း ပြေလည်မှုရရှိစေရန် လုပ်ဆောင်ပေးနိုင်သည်ဟု ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

သို့သော် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်စီလီ နီဘန်ဇီယာ (Vassily Nebenzia) ကမူ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။

ဒေါ်နယ်ထရမ့်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကိုခံရချိန်တွင် ရုရှား သံအမတ် နီဘန်ဇီယာက “ယူကရိန်းပဋိပက္ခကို တစ်ရက်တည်းနဲ့ မဖြေရှင်းနိုင်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့ သည်။

၂၀၂၃ ခုနှစ်၊ မေလက CNN town hall အစီအစဉ်တွင် ဒေါ်နယ်ထရမ့်က “သူတို့တွေ သေကြေနေကြပါပြီ။ ရုရှား တွေနဲ့ ယူကရိန်းတွေပေါ့။ အဲဒီလို သေကြေပျက်စီးနေတာကို ရပ်တန့်စေချင်ပါတယ။ ကျနော်သာဆိုရင် ၂၄ နာရီ အတွင်း ရပ်တန့်ပစ်နိုင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်နယ်ထရမ့်က သူသည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) ၊ ရုရှားသမ္မတ ပူတင် (Vladimir Putin) တို့နှင့် တွေ့ဆုံပြီးမှသာ ယူကရိန်း-ရုရှားစစ်ပွဲ အဆုံးသတ်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

 ရုရှားသံအမတ် နီဘန်ဇီယာကို တွေ့ရစဉ်

ဒေါ်နယ်ထရမ့်သည် ထိုစကားကို မဲဆွယ်စည်းရုံးချိန် ကာလတစ်လျှောက်လုံး ထပ်တလဲလဲ ပြောကြားခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က ဘိုင်ဒန်နှင့်ပြုလုပ်သည့် စကားစစ်ထိုးပွဲတွင်လည်း ထိုအကြောင်းအရာကို ထည့်သွင်း ပြောကြားခဲ့သည်။

“တကယ်လို့ ကျနော်တို့မှာ သမ္မတစစ်စစ်တစ်ဦး၊ ပူတင်က လေးစားရတဲ့ သမ္မတတစ်ဦး ရှိခဲ့မယ်ဆိုရင် သူ (ပူတင်) ဟာ ယူကရိန်းကို ဘယ်တော့မှ ကျူးကျော်မှာ မဟုတ်ပါဘူး”ဟု ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

ရုရှားသံအမတ် နီဘန်ဇီယာကမူ ၂၀၂၂ ခုနှစ်၊ ဧပြီလက တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ရုရှားနှင့် ယူကရိန်းအကြား သဘောတူညီမှုရကာနီး အခြေအနေအထိဖြစ်ခဲ့သည်။

ထိုအချိန်ကတော့ ယူကရိန်းစစ်ပွဲသည် အဆုံးသတ်ရန် ဖြစ်ကောင်းဖြစ်နိုင်ခဲ့လိမ့်မည်ဟု ပြောကြားခဲ့သည်။

သို့သော် အနောက်နိုင်ငံများသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ငြိမ်းချမ်းရေး သဘောတူညီချက်ကို တားမြစ်ခဲ့ကာ ရုရှားအား ဆက်လက်တိုက်ခိုက်ရန် ယူကရိန်းကို တိုက်တွန်းခဲ့သည်ဟု နီဘန်ဇီယာက ဝေဖန်ပြောကြားခဲ့သည်။

Source: အေပီ