CNI International News

ပြုံယမ်း၊ မေလ ၂၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အာရှနိုင်ငံများသို့ ခရီးလှည့်လည်ရင်း နျူကလီးယားပိုင်ဆိုင်သည့် မြောက်ကိုရီးယားကို ဟန့်တားဖို့ အစီအမံသစ် ချမှတ်ရန် သဘောတူညီခဲ့ပြီးနောက် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) တစ်စင်း အပါအဝင် ဒုံးကျည် ၃ စင်းကို ပြုံယမ်းက မေလ ၂၅ ရက် (ယနေ့) ပစ်ခတ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြသည်။

မြို့တော်ပြုံယမ်း လေဆိပ်အနီးရှိ ဒုံးကျည်စမ်းသပ်မှု အချက်အချာနေရာမှ တစ်နာရီအတွင်း ဒုံးကျည် ၃ စင်းကို ဆက်တိုက် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က သတင်းထုတ်ပြန်ခဲ့သည်။

မေလ ၂၅ ရက် (ယနေ့) ပထမဆုံး စတင်ပစ်လွှတ်သော ဒုံးကျည်မှာ တိုက်ချင်းပစ် အမျိုးအစား ဖြစ်ပုံရကြောင်း၊ ဒုတိယမြောက် အမျိုးအမည်မသိ ဒုံးကျည်တစ်စင်းမှာတော့ ပျံသန်းနေစဉ် ပျက်ကျသွားပုံရကြောင်း၊ တတိယမြောက် ဒုံးကျည်မှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် (SRBM) ဖြစ်ကြောင်း JCS ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။

အဆိုပါလုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် မြေပြင်ပစ် ဒုံးကျည် စမ်းသပ်မှု အပါအဝင် အမေရိကန်၏ ကြည်းတပ် နည်းဗျူဟာသုံး ဒုံးကျည်စနစ် (ATACMS) နှင့် တောင်ကိုရီးယား၏ တာတိုပစ်ပဲ့ထိန်းဒုံးကျည် (Hyunmoo-2 SRBM) တို့ ပေါင်းစပ်၍ စစ်ရေး လေ့ကျင့်ခဲ့ကြကြောင်း နှစ်ဘက်စစ်တပ်များက အသီးသီး ပြောကြားခဲ့ကြသည်။

“မိမိတို့ စစ်အင်အား ပြသမှုသည် တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်ခြင်း အပါအဝင် မြောက်ကိုရီးယား၏ ရန်စမှုများကို ပြတ်ပြတ် သားသား တုံ့ပြန်သွားမည့် မိမိတို့၏ သန္နိဋ္ဌာန်ကို ပြသရန် ရည်ရွယ်ကြောင်း၊ ရန်လိုရန်စခြင်း၏ ဇာစ်မြစ်ကို ခွဲခြမ်း စိတ်ဖြာရန် မိမိတို့တွင် အသင့်ရှိနေကြောင်း” ဟု JCS ၏ ထုတ်ပြန်ချက်ထဲ၌ ရေးသားထားသည်။

ဘိုင်ဒန်နဲ့ ယွန်ဆော့ရွဲ (AP)

မြောက်ကိုရီးယားသည် ၎င်း၏အကြီးမားဆုံး တိုက်ချင်းပစ် ဒုံးကျည်များကို ၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်အတွင်း အရှိန်အဟုန် ကောင်းကောင်းဖြင့် ပစ်လွှတ်နေခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး နျူကလီး ယား စမ်းသပ်ရန်လည်း ပြင်ဆင်နေပုံရကြောင်း ရိုက်တာသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

ဘိုင်ဒန်၏ ပထမဆုံးသော အာရှခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲနှင့် ထိပ်သီးတွေ့ဆုံမှု အပြီးတွင် မြောက်ကိုရီးယား အနေဖြင့် နောက်ထပ် လက်နက်စမ်းသပ်ရန် အသင့်ဖြစ်‌ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူများက မကြာသေးမီက သတိပေးခဲ့သည်။

မေလ ၁၀ ရက်တွင် သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သော ယွန်ဆော့ရွဲသည် ၎င်း၏ပြည်တွင်း အမျိုးသားလုံခြုံရေး ကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး ယခုကဲ့သို့ မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှု ဖြစ်စဉ်သည် အတိအလင်း ရန်စခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် ဘိုင်ဒန်၏ ခရီးစဉ်နှင့် မရှေးမနှောင်း ပစ်လွှတ်သဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်နှင့် သဘောတူ ထားသည့်အတိုင်း ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား တားဆီးမှုကို တိုးမြှင့်လုပ်ဆောင်ရန်နှင့် ကာကွယ်ရေး အနေအထား ပေါင်းစပ်သွားရန် ၎င်း၏ လက်ထောက်များကို ယွန်ဆော့ရွဲက အမိန့်ပေးခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Source: Reuters