CNI International News

ဒါဘော့၊ မေလ ၂၅

အမေရိကန် ဘီလီယံနာသူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်က “ယူကရိန်းကို ရုရှားကျူးကျော်မှုသည် တတိယကမ္ဘာစစ်၏ အစ ဖြစ်နိုင်ကြောင်း” မေလ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ထို့နောက် လွတ်လပ်သော ယဉ်ကျေးမှုကို ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းမှာ သမ္မတ ဗလာဒီမာပူတင်၏ တပ်ဖွဲ့များကို အနောက်နိုင်ငံများက အနိုင်ယူရေးဖြစ်ကြောင်း မှတ်ချက်ချခဲ့သည်။

၁၉၉၂ ခုနှစ်တွင် စတာလင်ပေါင်ဖြင့် လောင်းကစားလုပ်၍ ကမ္ဘာကျော်ကြားခဲ့ပြီး ငွေကြေးကစားကွက် ကျင်လည်သူ ဆိုးရော့စ်သည် ယခုအခါ အသက် ၉၁ နှစ် ရှိပြီဖြစ်ပြီး ၎င်း၏ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ပိတ်ဆို့လူ့အဖွဲ့အစည်းများဖြင့် တရုတ်နှင့် ရုရှား ကဲ့သို့သော အသိုင်းအဝိုင်းများကြားတွင် ယူကရိန်းစစ်ပွဲအရှိန် အတက်အကျ ကစားရန် လိုလားနေသည်။

“ကျူးကျော် ဝင်ရောက်မှုသည် တတိယကမ္ဘာစစ်၏အစ ဖြစ်နိုင်ပြီး မိမိတို့ယဉ်ကျေးမှုအရ ထိုသို့ ကျူးကျော်သည့် အလေ့အထ ဆက်လက် ရှင်သန်နိုင်မည် မဟုတ်ကြောင်း” ဂျော့ချ်ဆိုးရော့စ်က ဒါဘော့ (Davos) ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ပြောကြားသည့် မိန့်ခွန်းထဲတွင် ထည့်ပြောခဲ့ကြောင်း ၎င်း၏ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ရဲ့ ယဉ်ကျေးမှု(အလေ့အထ)ကို ထိန်းဖို့ အကောင်းဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်းကတော့ ပူတင်ကို အမြန်ဆုံး နည်းနဲ့ အနိုင်ယူဖို့ပါပဲ။ အဲဒါ အဓိကအချက်ပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ဗလာဒီမာပူတင် (GETTY IMAGES)

ယူကရိန်းတွင် အထူးစစ်ဆင်ရေး ဆင်နွှဲနေပြီး ကရင်မလင်၏ ရည်မှန်းချက်အားလုံး ပြည့်မီရမည်ဟု အစောပိုင်းက ပြောကြားနေခဲ့သည့် ပူတင်သည် ယခုကဲ့သို့ ကျူးကျော်မိခြင်းအတွက် အမှားကြီး မှားခဲ့ပြီဟု နောက်ပိုင်း သဘောပေါက်လာသည့် အလျောက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့ ပြင်ဆင်နေကြောင်း ဆိုးရော့စ်က ထပ်လောင်း ပြောကြားခဲ့သည်။

“ဒါပေမယ့် သူပြောတဲ့ အပစ်အခတ်ရပ်စဲရေးက ယုံကြည်စရာမရှိလို့ ဖြစ်နိုင်ခြေမရှိပါဘူး။ ပျော့ကွက်ရှိလာတဲ့ ပူတင်က သူ့ကိုယ်သူ မှန်းဆမရ ဖြစ်နေပြီ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ဥရောပ လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းဖြစ်သော လက်ရှိ လည်ပတ်သုံးစွဲနေသည့် ရုရှားသဘာဝဓာတ်ငွေ့ကို ပူတင် ပိတ်ပစ် နိုင်သည်ကို ဥရောပသမဂ္ဂ (EU) က နားလည်ထားရမည်ဟု ဆိုးရော့စ်က ထောက်ပြခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းကို ရုရှားကျူးကျော်စစ် စတင်ခဲ့သဖြင့် လူထောင်နှင့်ချီ၍ သေဆုံးခဲ့ရပြီး သန်း နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ထိုဖြစ်စဉ်သည် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်း နောက်ပိုင်း ရုရှားနှင့် အမေရိကန် တို့ကြား အဆိုးရွားဆုံး ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်လာမည်ကို စိုးရိမ်စရာများလည်း တိုးပွားလာခဲ့သည်။

Source: Reuters