CNI News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆

လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့ (ဇူလိုင် ၆ ရက်) နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

LDU ကိုယ်စားလှယ် အဖွဲ့ကို အထွေထွေအတွင်း ရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန် ဦးဆောင်လာကြောင်း၊ ဇူလိုင် ၆ ရက်တွင် တာချီလိတ်မှ နေပြည်တော်သို့ လေယာဉ်ဖြင့် လာရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင် ၇ ရက်နေ့တွင် နစကဥက္ကဋ္ဌ နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည် ဖြစ်သည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ကိုယ်စားလှယ် အဖွဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၆ ရက်က တာချီလိတ်ကို ရောက်စဉ်

နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီးပါက ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။
LDU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် လားဟူ လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် ဖြစ်သည်။

အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နှင့် PPST တွေ့ဆုံ၍ မြန်မာ့ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေ ဆွေးနွေးပွဲတွင်လည်း ပါဝင်ခဲ့သည်။