CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ကြားလာခြင်း မရှိသေးကြောင်း အပစ်ရပ် (၇) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး‌ဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းယဉ်ယဉ်စိုးက CNI သို့ ပြောသည်။

၎င်းက “လောလောဆယ်ဆယ် ဘာမှ မကြားသေးပါဘူး။ ဖိတ်စာဖိတ်လာတာလည်း မရှိသေးပါဘူး။ ဘာမှတော့ အစီအစဉ် မရှိသေးပါဘူး” ဟု ပြောသည်။

မစ္စနိုလင်းဟေဇာသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုလင်းဟေဇာ မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၆ ရက်က ရောက်လာစဉ်

မစ္စနိုလင်းဟေဇာသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာ နိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံသို့ သြဂုတ် ၁၆ ရက်နေ့က ပထမဆုံးအကြိမ် လာရောက်သည်။

PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်အရုံး(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) တို့ဖြင့် ဖွဲ့စည်းထားသည်။