CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၇

နစကက ကျင်းပရန် ကြံစည်နေသော ရွေးကောက်ပွဲ အပါအဝင် လုပ်ငန်းစဉ်အားလုံးကို မည်သည့်နည်းနှင့်မျှ (အသိအမှတ်မပြု) လက်ခံနိုင်မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ယနေ့ (စက်တင်ဘာ ၂၇ ရက်)တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် စတင် တည်ထောင်ခဲ့ရာ ယနေ့တွင် ၃၄ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အထက်ပါအတိုင်း ပြော ထားခြင်း ဖြစ်သည်။

NLD ပါတီသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ၊ ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့ သည်။

သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်းအငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့သည့်အ တွက် မြန်မာ့နိုင်ငံ အကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။

 NLD ပါတီ၏ ၃၄ နှစ်ပြည့် ထုတ်ပြန်ချက်

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေး မည်ဖြစ် ကြောင်း၊ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NLD ပါတီက “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒနှင့်အညီ စစ်မှန်သော ဒီမိုကရေစီ စနစ်အောက်မှ ကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် နောက်ထပ် ရွေးကောက်ပွဲရလဒ်တစ်ခု ပေါ်ထွက်မလာမီ အချိန်ထိ လက်ရှိ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ပြည်သူ့ဆင့်လွှဲအာဏာကို နိုင်ငံလွှဲအပ် ကိုယ် စားပြု အာဏာအဖြစ် ကျင့်သုံးမည်ဖြစ်သည်။ ထို့ကြောင့် ဥပဒေကို ကိုယ်တိုင်ချိုးဖောက်ထားသော တရားမဝင် အာဏာသိမ်း စစ်ကောင်စီနှင့် ယင်းက ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ ကျင်းပရန် ကြံစည်နေသော ရွေး ကောက်ပွဲ အပါအဝင် လုပ်ငန်းစဉ် အားလုံးကို မည်သည့် နည်းနှင့်မျှ(အသိအမှတ်မပြု) လက်ခံနိုင်မည် မဟုတ် ပါ”ဟု ထုတ်ပြန်ချက်မှာ ပြောထားသည်။

NLD ပါတီ၏ ၃၄ နှစ်ပြည့် ပါတီတည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ထုတ်ပြန်ချက်၏ နံပါတ် ၉ တွင် ဖော်ပြထားချက်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အပေါ်ကို မျှော်လင့်နေသေးသည့် အသွင်ဆောင် နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

NLD ပါတီရုံးကို လုံခြုံရေးယူပေးထားသော ရဲတပ်ဖွဲ့(GETTY IMAGES)

၎င်းက “အာဏာသိမ်းထားလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို NUG က ဖျက်သိမ်း လိုက်ပြီးလို့ ကြေညာထား သည့်တိုင်အောင် အခု NLD ရဲ့ ထုတ်ပြန်ချက် နံပါတ် ၉ က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပဲ သူက ဆုပ်ကိုင် ထားဆဲဖြစ်တော့ NUG နဲ့ NLD လမ်းကြောင်းက မရှင်းမရှင်းဖြစ်နေတယ်။ စကစ ဘက်က ရွေးကောက်ပွဲ လုပ် မယ် ဒါကို အသိအမှတ်မပြုဘူးဆိုတာကလည်း ရွေးကောက်ပွဲဖြစ်သွားရင် သူဘာမှမတက်နိုင်ဘူးလေ။ ဒါပေ မယ့် ရွေးကောက်ပွဲကို မဖြစ်အောင်လည်း တခြား အင်အားစုတွေက ဟန့်တားမှုတွေ လုပ်လာမှာတော့ သေချာ တယ်။ အဲတော့ ရွေးကောက်ပွဲ ဖြစ်မဖြစ်က ပြည်တွင်း တည်ငြိမ် အေးချမ်းရေးနဲ့ နိုင်ငံတကာက အသိအမှတ်ပြု ခြင်း မပြုခြင်းအပေါ်မှာ မူတည်တယ်။ အသေအချာတော့ ဒီအချိန်မှာ မပြောနိုင်သေးဘူး”ဟု ပြောသည်။

နစကသည် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီးထားခြင်း၊ ပါတီဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ် များကို ဥပဒေမဲ့လိုက်လံဖမ်းဆီးခြင်း၊ ယင်းတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများအား ချိတ်ပိတ်သိမ်းဆည်းခြင်း၊ ဖမ်းမိသူ တချို့ကို စစ်ကြောရေးစခန်းများတွင် ညှင်းပင်းနှိပ်စက်ကာ သတ်ဖြတ်ခြင်း၊ ပါတီရုံးများကို ဝင်ရောက် ၍ ပါတီပိုင် ပစ္စည်းများကိုသိမ်းဆည်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်ကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား အလုံးစုံဖျက်ဆီးရန် အားထုတ်နေသည်ဟု NLD က ထုတ်ပြန်ခဲ့သည်။