CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

မြန်မာ-တရုတ်နယ်စပ်တွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ မက်လုံးပေး၍ တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင် ရန် လိမ်လည်ခေါ်ယူသည့် ဈေးကွက်မှာ ပိုမိုများပြားလာကြောင်း မူဆယ်မြို့ရှိ ပရဟိတအသင်းအဖွဲ့များက CNI သတင်းဌာနသို့ ပြောသည်။

မူဆယ်တွင် တရုတ်သို့ တစ်ခါသုံးကဒ်၊ စာအုပ်အနီတို့ဖြင့် တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၃၀၀ ခန့်အထိ ထွက်ခွာ နေကြခြင်းဖြစ်သည်။

တရုတ် ဇနီးမယားအဖြစ် လုပ်ကိုင်ရန် လူကုန်ကူးသည့် ဈေးကွက်သည် ယခင်ကတည်းက ရှိနေခြင်းဖြစ်သော် လည်း ယခုကာလတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သွားမည့် မြန်မာများကိုတွေ့ရစဉ်

၎င်းက “အဲဒါကတော့ ဆိုက်ဘာပေါ့။ ဆိုက်ဘာ အားနည်းချက်ရှိတဲ့ အခါကြတော့ လူယုတ်မာတွေ၊ လူလိမ်တွေက တရားဝင် ပြောလာနေကြတာပဲလေ။ အဲဒါတွေကတော့ ရှိနေတာပဲ။ စာအုပ်အနီ ကိစ္စတွေရော၊ တစ်ပတ်ကဒ် ကိစ္စ တွေရော၊ UID ကိစ္စတွေရော အကုန်လုံးက အတုအလိမ်တွေချည်းပဲ။ များလာတယ်။ အခုထိကို သွားတာ၊ လာတာ လုပ်နေကြတုန်းပဲ။ လူကုန်ကူးကတော့ ဒီလိုပေါ့။ ဒီတိုင်းကတော့ လူကုန်ကူးတယ်လို့ မသိဘူးပေါ့။ တချို့ကလည်း လူကုန်ကူးမှန်း သိရဲ့နဲ့ သက်သက်မဲ့ သွားတယ်။ တချို့ကြတော့လည်း ဟိုကြမှ လူကုန်ကူး ခံရမှန်းသိတယ် အဲဒီလို တွေလည်း ရှိတယ်။ ဖြစ်နိုင်ရင်တော့ တရုတ်က ဘယ်လောက်ပဲ အာမခံခံ တစ်ခါသုံးကဒ်နဲ့၊ စာအုပ်အနီရှိတဲ့ လူတွေကတော့ အချိန်မရွေး ပြန်ထွက်လို့ရတယ်ပေါ့။ ပြန်ဝင်လို့ရတယ်။ တစ်ပတ်ကဒ်နဲ့ကတော့ တရုတ်ကို ယုံစားလို့မရဘူး။ ပြောရင်တော့ မလာတာ အကောင်းဆုံးပဲ။ UID ကဒ် မပါရင်လည်း တက်မလာကြနဲ့။ တရုတ်ကို ယုံစားပြီးတော့လည်း မလာကြပါနဲ့လို့ message စကား ပေးချင်တယ်” ဟု ပြောသည်။

တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန်အတွက် လူခေါ်ကြသည့်အခါတွင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ ဖြစ်သည့် Facebook နှင့် ဝီချက် (WeChat) တို့ အသုံးပြု၍ ခေါ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးကြရာတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိသို့ ရောင်းစားခံရကြောင်း၊ အမျိုးသမီးတစ်ဦးလျှင် ယွမ်ငွေ သောင်းကဏန်းအထိ ပေါက်ဈေးများ ရှိနေကြောင်းလည်း သိရသည်။

လူကုန်ကူးသည့် ဈေးကွက်မှာ ယခင်ကတည်းက ရှိနေခြင်းဖြစ်ပြီး ထိုခေတ် ကာလကတည်းက အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် ထိရောက်သည့် အ‌ရေးယူ လှုပ်ရှားမှုများ အားနည်းခဲ့ကြောင်း လူကုန်ကူးမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။ 

တရုတ်သွားမည့် မြန်မာများကိုတွေ့ရစဉ်

လူကုန်ကူးခြင်းခံရသည့် ကိစ္စများတွင် အခြားအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးခြင်းထက် သက်ဆိုင်ရာ အာဏာပိုင်များ၏ စိစစ်အရေးယူမှုသည် အဓိက အရေးပါသော်လည်း လူကုန်ကူး မခံရစေရန် ကာယကံရှင် လူပုဂ္ဂိုလ်က ပိုမိုအရေးကြီးကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လူကုန်ကူးမှုလို့ ပြောလာတဲ့ အခါကြတော့ လူကုန်ကူးမှုမှာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကိုင်တွယ်တဲ့အခါ မှာ မူဝါဒ မတူတဲ့ဟာတွေ တွေ့ရတယ်။ တချို့အရာတွေကို ထိုင်းက လက်ခံပေမယ့် မြန်မာဘက်က လက်မခံဘူး။ တရုတ်က လက်ခံပေမယ့် မြန်မာဘက်က လက်မခံဘူး။ မြန်မာဘက်က လက်ခံပေမယ့် တရုတ်က လက်မခံဘူး၊ ထိုင်းက လက်မခံဘူး ဒီလိုပုံစံမျိုးတွေက ရှိတယ်။ လူကုန်ကူးမှုထက် ပိုပြီးကျူးလွန်လာရင်တော့ ရာဇဝတ်မှု ဖြစ်လာနိုင်တယ်။ လုပ်ဆောင်ချက်အပေါ်မှာ အခြေခံပြီးမှ ဥပဒေအရ တိုင်းတာရတာကို။ ဥပမာ လူတွေကို တစ်နေရာက တစ်နေရာ ရောင်းစားတယ်။ ရောင်းတော့ ရောင်းစားတယ် လူတွေကို နှိပ်စက်တာမရှိဘူး။ သတ်ဖြတ်တာ၊ အကြမ်းဖက်တာတွေ မရှိဘူးဆို လူကုန်ကူးမှုက တစ်မျိုးဖြစ်သွားတာပေါ့။ လူကုန်ကူးမှုခံရတယ်၊ အတင်းအဓမ္မ ပြုကျင့်တာတွေရှိတယ်၊ နှိပ်စက်ခံရတာ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခံရတာတွေရှိတယ်။ သူ့ကို ကြ လူကုန်ကူးမှုဥပဒေ တစ်ခုတည်း ရှုထောင့်က သွားကြည့်လို့ မရပြန်ဘူး။ တခြားရာဇဝတ်မှုအရ အရေးယူလို့ရ တဲ့ နေရာတွေကနေအစ စဉ်းစားရမယ့် အရာတွေဖြစ်တယ်” ဟု ပြောသည်။

လူကုန်ကူးသည့် ဖြစ်စဉ်တွင် အများစုသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်သူများ၏ မက်လုံးပေး စည်းရုံးမှုများကြောင့် အဓိက အများဆုံးဖြစ်ကြောင်း၊ မြန်မာ-တရုတ် နယ်စပ်ဒေသက ဒေသခံအမျိုးသမီးများ အပါအဝင် ရန်ကုန်၊ ပဲခူး၊ မကွေး စသည့် အနယ်နယ်အရပ်ရပ်မှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း ဖြစ်ကြောင်း သိရသည်။