CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅

တရုတ်၊ ထိုင်း၊ မလေး၊ ဒူဘိုင်း၊ တိဘက်၊ ဆော်ဒီ အစရှိသော ပြည်ပနိုင်ငံအသီးသီးသို့ လူကုန်ကူးခံရမှုဖြစ်စဉ်သည် ယခင်ကထက် ပိုမိုများပြားလာကြောင်း လူကုန်ကူးခံရသဖြင့် အကူအညီတောင်းခံလာသူများအား ကူညီ ဆောင် ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ၃ လအတွင်း လူကုန်ကူးခံရသဖြင့် လိုက်ပါဆောင်ရွက်ပေးရသော အမှုအရေအတွက်သည် ယခင်က တစ်နှစ်အတွင်း လိုက်ပါဆောင်ရွက်ပေးရသည့် အမှုအရေအတွက်နှင့် ညီမျှနေကြောင်း၊ လူကုန်ကူးခံရသူများတွင် ဒေသခံ၊ နယ်ခံ ယုံကြည်ရသူများမှ အဓိက လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း လူကုန်ကူးခံရသူများအား ကူညီ ဆောင်ရွက်ပေးနေသူ မမျိုးမျိုးအေးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ပိုပြီးတော့များလာတယ်။ တရုတ်တို့ ဒူဘိုင်းတို့ဆိုရင်လည်း ပိုပြီးတော့ များလာတယ်။ အခုပစ်မှတ်ထား တာကတော့ နယ်ကလူတွေပေါ့။ နောက် တစ်ခါစက်မှုဇုန်မှာ နယ်ကနေ တက်လာပြီးတော့ information အတိအကျ မရနေဘူးဆိုတဲ့ လူတွေကို ပစ်မှတ်ထားတယ်။ နောက်တစ်ခါ ကျမတို့ကိုင်တဲ့ case တော်တော်များ များမှာ ဒေသခံပေါ့ နယ်ခံ အဲဒီနယ်ခံ တစ်ယောက်က ထိုင်းကိုရောက်နေမယ်၊ တရုတ်ကို ရောက်နေမယ်၊ မလေး ကို ရောက်နေမယ်၊ အဲဒီကနေ တစ်ရွာလုံးကို အချိတ်အဆက် ပေးလိုက်တာပေါ့။ ဒီမှာလုပ်ခလစာ ၃ သိန်းဆိုရင် ဟိုမှာ ၁၀ သိန်းတို့ ဟိုမှာက ၅ သိန်းတို့ ဟိုမှာက ၇ သိန်းတို့၊ သွားမယ့်သူတွေကို အမြဲတမ်းပြောတယ် ဟိုမှာက ၁၀ သိန်းဆိုရင် နေမှုစရိတ်နဲ့ သွားမယ့်ဟာတွေက ဘယ်လိုလဲ။ ကိုယ်ကသွားဖို့အတွက်ကို ဘာတွေရောင်းချ ပေါင်နှံ သွားရမှာလဲ။ သွားတဲ့လူတွေက အဲဒီလိုအသေးစိတ် analyst လုပ်ပြီး ချိန်ထိုးပြီးတော့ ဒါမျိုးမစဉ်းစားတော့ဘူး။ နိုင်ငံခြားသွားရင် အဆင်ပြေတယ်ဆိုတဲ့ စိတ်နဲ့သွားတာ” ဟု ပြောသည်။

မြန်မာများကို စစ်ဆေးနေစဉ်

လူကုန်ကူးခံရသည့် ဖြစ်စဉ်များတွင် စင်္ကာပူ၊ မကာအို စသည့် နိုင်ငံများ၌ အလုပ်ရရှိမည်ဟုဆိုကာ လူခေါ် စုဆောင်းပြီးနောက် ဒူဘိုင်း၊ အိုမန်၊ တိဘက်၊ ဆော်ဒီ အစရှိသည့် နိုင်ငံများသို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန် ပို့ဆောင်ကြခြင်းဖြစ်ကြောင်း လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ထိုသို့ အိမ်အကူအဖြစ် လုပ်ကိုင်ကြရာတွင် အိမ်ရှင်များ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့်လည်း ကြုံတွေ့ကြရ ကြောင်း၊ လူကုန်ကူးခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများဘက်မှ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ပေးမှုသည် မရှိသလောက် နည်းပါးကြောင်းလည်း ၎င်းတို့က‌ ပြောသည်။

လူကုန်ကူးခံရမှု ကြုံတွေ့ရသူများမှာ ကျေးလက်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ အဓိကအများဆုံးဖြစ်ကြောင်း လူကုန်ကူးခံရသူများအား ကူညီဆောင်ရွက်ပေးနေသူ ကိုစိုင်းယုမောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကြမည့်သူများကိုတွေ့ရစဉ်

၎င်းက “တရုတ်ဘက်တွေကိုလည်း သွားကြတယ်။ တော်တော်များများ တရုတ်ဘက်သွားကြတာလည်း ရှိကြ တယ်။ တရုတ်ဘက်ကတော့ အခုနောက်ပိုင်း မြန်မာပြည်တစ်ဝန်းလုံးက မြန်မာမိန်းကလေးတွေကို အသွား၊ အပြန်‌ လေယာဉ်ခ ခံပေးတယ်ပေါ့နော်။ သိန်း ၇၀ မိသားစုကိုပေးမယ်။ လောလောဆယ် မိသားစုစားဝတ်နေရေး အတွက် ၁၀ သိန်းပေးခဲ့မယ်။ ကျန်တဲ့ပိုက်ဆံကိုကြတော့ တရုတ်ပြည်ရောက်တာနဲ့ပေးမယ်။ ဒီလိုမျိုးတွေပေါ့ ရောင်းစားတဲ့ပုံစံ လုပ်နေကြတယ်အခု။ အဲဒါမြန်မာနိုင်ငံက လူတွေလည်းပါတယ်။ ဟိုဘက်က တရုတ်တွေလည်း ပါတယ်။ အဲဒီတော့ ဟိုဘက်မှာ ဘာလုပ်ရမယ်ဆိုတာမျိုး မပြောဘူး။ တရုတ်မယားလုပ်ရမယ် အဲဒီလိုလည်း ကြားတယ်။ တရုတ်နဲ့နေရမယ်။ ဘယ်လောက်နေရမယ်ဆိုတာ မသိဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့်  လူကုန်ကူးခံရမှု အမျိုးအစားများမှာ အဓမ္မထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မ ပြည့်တန်ဆာပြုခြင်း၊ အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ် လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခံရခြင်းဟူ၍  တွေ့ရပြီး ၂၀၁၈ ခုနှစ်တွင် အငှားကိုယ်ဝန်ဆောင်သည့် လူကုန်ကူးမှုပုံစံသစ်ကို တွေ့ရှိရကြောင်း ၂၀၂၀ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဆောင်းပါးတွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့တွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးစိုးထွဋ်က  ပြည်ပသို့ လူကုန်ကူးမှုများမှာ ၈ဝ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး လူကုန်ကူးခံရသူများ၏ ၅ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးများဖြစ်ကြောင်း ပြောဆိုထားသည်။