- By CNI
- Category: အားကစား
- Hits: 583
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
ယူနိုက်တက်အသင်းဟာ အဲဗာတန်အသင်းနောက်ခံလူ ဘရန်ဝိတ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပေမယ့် သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ပေါင်သန်း ၇၀ ပေးချေရဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ဗဟိုနောက်ခံလူ ပစ်မှတ်အဖြစ် ဘရန်ဝိတ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိခဲ့တာပါ။
The Times က ယူနိုက်တက်အသင်းဟာ ဘရန်ဝိတ်အတွက် အဲဗာတန်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိ သေးပေမယ့် အဲဗာတန်အသင်းဟာ ပေါင်သန်း ၇၀ အလိုရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဘရန်ဝိတ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေနိုင်အောင် ခြေစွမ်းပြသ နိုင်ခဲ့တာပါ။
အဲဒါကြောင့် အသက် ၂၁ နှစ်အရွယ်ရှိ ဘရန်ဝိတ်ဟာ အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့ ပဏာမလူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။
ဘရန်ဝိတ်ကို တွေ့ရစဉ်
ဘရန်ဝိတ်ဟာ အင်္ဂလန်အသင်းရဲ့ အပြီးသတ် လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် သူ့ရဲ့ခြေစွမ်းကို အားလုံးက အသိအမှတ် ပြုခဲ့ကြတာပါ။
အရပ် ၆ ပေ ၅ လက်မရှိတဲ့ ဘရန်ဝိတ်အနေနဲ့ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မယ်ဆိုရင် တစ်ပတ်လုပ်ခပေါင် ၁၅၀,၀၀၀ နဲ့ ၁၆၀,၀၀၀ ကြားရရှိမယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းရဲ့ အဓိကနောက်ခံလူ ဗာရန်းဟာ အသင်းက ထွက်ခွာသွားပြီဖြစ်သလို ဗဟိုနောက်ခံလူတွေ ဖြစ်တဲ့ မက်ဂွဲယား၊ လင်ဒီလော့ဖ်၊ မာတီနက်ဇ်နဲ့ အီဗန်စ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားခဲ့ပြီး ဘရန်ဝိတ်ဟာ သူတို့ရဲ့ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။
မန်ချက်စတာကလပ်ဟာ ဝါရင့်နောက်ခံလူ အီဗန်စ်ကိုလည်း ၁ နှစ် စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။
ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် လေ့ကျင့်မှုတွေ ပြန်လည်စတင်မယ့်အချိန်မှာ ဘရန်ဝိတ်ကိုပါ ပူးပေါင်း ပါဝင်နိုင်စေဖို့အတွက် အပြောင်းအရွှေ့ကို အမြန်ဆုံး တွန်းအားပေး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source: Goal
![](/images/hjhfhjfghjfgjhgjf.jpg#joomlaImage://local-images/hjhfhjfghjfgjhgjf.jpg)
- By CNI
- Category: အားကစား
- Hits: 1782
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄
စကော့တလန်အသင်းနည်းပြ စတိဗ်ကလာ့ခ်က အိမ်ရှင်ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ အဖွင့်ပွဲစဉ် မတိုင်ခင်မှာ သူတို့ဟာ ဘယ်အသင်းကိုမှ မကြောက်ရွံ့ဘူးလို့ ပြောလိုက်ပါတယ်။
စတိဗ်ကလာ့ခ်က “အိမ်ရှင်နိုင်ငံကို ကျနော်တို့ လေးစားမှုရှိပြီး သူတို့က ကောင်းမွန်တဲ့ အသင်းဆိုတာ ကျနော်တို့ သိပါတယ်။ ဒီပွဲက ခက်ခဲမယ့်ပွဲပါ။ ကျနော်တို့ဟာ အားလုံးကို လေးစားမှု အပြည့်ရှိပေမယ့် ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး”လို့ ပြောကြားလိုက်ပါတယ်။
စတိဗ်ကလာ့ခ်ဟာ စကော့တလန်အသင်းကို အဓိကပြိုင်ပွဲတွေမှာ ရှုံးထွက်အဆင့်ရောက်အောင် ပို့ဆောင်ပေး နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာဖို့ မျှော်လင့်နေပေမယ့် ယူရိုချန်ပီယံဆုကို ၃ ကြိမ်အထိ ရရှိထားတဲ့ ဂျာမနီအသင်း နဲ့ ခက်ခဲတဲ့အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
ယူရိုပြိုင်ပွဲကို ၄ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် စကော့တလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ယှဉ်ပြိုင်ခဲ့တဲ့ အဓိကပြိုင်ပွဲ ၁၁ ကြိမ်စလုံး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
စကော့တလန်အသင်း နည်းပြ စတိဗ်ကလာ့ခ်ကို တွေ့ရစဉ်
စကော့တလန်အသင်း ခေါင်းဆောင် ရောဘတ်ဆန်က ဂျာမနီအသင်းနဲ့ အဖွင့်ပွဲစဉ်မတိုင်ခင် သူတို့မှာ ဘာဖိအားမှ မရှိဘူးလို့ ပြောခဲ့ပါတယ်။
ရောဘတ်ဆန်က “ကျနော်တို့ဟာ ဒီပွဲစဉ်မှာ အကောင်းဆုံးလုပ်နိုင်ဖို့ ယုံကြည်ပြီး ဒါကိုပြသဖို့ကလည်း ကျနော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒီပွဲအတွက် ကျနော်တို့အပေါ်မှာ ဘာဖိအားမှ မရှိပါဘူး။ ကျနော်တို့ဟာ သမိုင်းကို ဖန်တီးနိုင်တဲ့ အသင်းတစ်သင်း ဖြစ်တယ်ဆိုတာယုံကြည်တယ်”လို့ ပြောပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် သောင်းနဲ့ချီတဲ့ စကော့တလန်အသင်း ပရိသတ်တွေဟာ သူတို့ရဲ့နိုင်ငံအသင်းကို အားပေးမှုတွေပြုလုပ်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိနေကြပါတယ်။
ဂျာမနီအသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၅ ရက်မနက်ပိုင်းမှာ ယှဉ်ပြိုင်သွား မှာဖြစ်ပါတယ်။
Source: besoccer
![](/images/hgjfjfhfjgfh.jpg#joomlaImage://local-images/hgjfjfhfjgfh.jpg)
- By CNI
- Category: အားကစား
- Hits: 919
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီက သူဟာ ပြိုင်ပွဲတိုင်းကို ပါဝင်ကစားနိုင်တဲ့ အသက်အရွယ် မဟုတ်တာကြောင့် အိုလံပစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် မပါဝင်ဘူးလို့ ပြောခဲ့ပါတယ်။
မက်ဆီက “ကျနော်ဟာ မာရှေယာနိုနဲ့ စကားပြောခဲ့ပြီး အမှန်တရားက ကျနော်တို့ ၂ ဦးစလုံးဟာ အခြေအနေကို နားလည်ပါတယ်။ အိုလံပစ်ပြိုင်ပွဲအကြောင်း စဉ်းစားဖို့က ခက်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ရှိနေလို့ပါ။ ပြိုင်ပွဲ ၂ ခုကို ဆက်တိုက် ကစားဖို့ဆိုတာ အလွန်များလွန်းပါတယ်။ ကျနော်ဟာ အိုလံပစ်ပြိုင်ပွဲမှာ ကစားရတာက အလွန်ကံကောင်းခဲ့ပြီး မာရှေယာနိုနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အိုလံပစ်၊ ယူ-၂၀ အမှတ်တရတွေကို ကျနော်ဘယ်တော့မှ မမေ့နိုင်ပါဘူး”လို့ ESPN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက အာဂျင်တီးနား ယူ-၂၃ အသင်းနည်းပြ မာရှေယာနိုဟာ မက်ဆီကို အိုလံပစ်ပြိုင်ပွဲ လူစာရင်း မှာ ဖိတ်ခေါ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
မက်ဆီနဲ့ မာရှေယာနိုတို့ဟာ လက်ရွေးစင်အသင်းကြီး၊ ဘာစီလိုနာအသင်းတွေမှာ အတူတွဲကစားခဲ့သလို ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ရယူနိုင်ခဲ့ကြတာပါ။
မက်ဆီနဲ့ မာရှေယာနိုကိုတွေ့ရစဉ်
မက်ဆီဟာ လက်ရှိအချိန်မှာ ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲ ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အိုလံပစ်ပြိုင်ပွဲဟာ ယူ-၂၃ ကစားသမားတွေသာ ဝင်ရောက်ယှဉ်ပြိုင်ရတာ ဖြစ်ပေမယ့် ပြိုင်ပွဲဝင်နိုင်ငံတိုင်းကို အသက်ကျော် ကစားသမား ၃ ဦးအထိ ခေါ်ဆောင်ခွင့်ပြုတာပါ။
အဲဒါကြောင့် အာဂျင်တီးနား အိုလံပစ်အသင်းဟာ မက်ဆီကို ခေါ်ယူချင်ပေမယ့် အင်တာမိုင်ယာမီအသင်းက စေလွှတ်ဖို့မရှိသလို ကစားသမားကလည်း ပါဝင်မှာမဟုတ်ဘူးလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
အိုလံပစ်အမျိုးသား ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အာဂျင်တီးနားအသင်းဟာ မော်ရိုကို၊ အီရတ်၊ ယူကရိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1913
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ်ဘူလင်ဂမ်က အခုနွေရာသီမှာ နည်းပြ ဆောက်ဂိတ် အင်္ဂလန်အသင်းက ထွက်ခွာသွားခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့ အစီအစဉ် လုပ်ဆောင်ထားတယ်လို့ ပြောခဲ့ပါတယ်။
မာခ့်ဘူလင်ဂမ်က “ဆောက်ဂိတ်အတွက် ချဉ်းကပ်မှု မရှိသေးပါဘူး။ သူဟာ ယူရိုပြိုင်ပွဲအပြီးမှာ ဆွေးနွေးမှုတွေ ပြုလုပ်ချင်တယ်ဆိုတာ ရှင်းပါတယ်။ အခုအချိန်မှာ ကျနော်တို့ဟာ သူနဲ့အသင်းအတွက် အနှောင့်အယှက်ဖြစ်မယ့် အရာတွေ မပြုလုပ်ချင်ပါဘူး။ သူဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခု လုပ်နိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဘယ် အဖွဲ့အစည်းမဆို သူတို့ရဲ့ထိပ်တန်း ဝန်ထမ်းတွေအတွက် ဆက်ခံမယ့် အစီအစဉ်ရှိတယ်ဆိုတာ ကျနော်အရင်က ပြောခဲ့ဖူးပါတယ်”လို့ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ မကြာသေးခင်က ဂျာမန်သတင်းစာ Bild နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်ခဲ့ရင် သူထွက်ခွာနိုင်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။
ဆောက်ဂိတ်နဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီဇင်ဘာရောက်ရင် ကုန်ဆုံးမှာဖြစ်ပြီး သူကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီးမှ အနာဂတ်ကို ဆုံးဖြတ်မယ်လို့ ပြောထားတာပါ။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကိုတွေ့ရစဉ်
၂၀၁၆ ခုနှစ်ကတည်းက အင်္ဂလန်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆောက်ဂိတ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဆက်ပြီးကိုင်တွယ်စေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
ဆောက်ဂိတ်ဟာ ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် ယူနိုက်တက်အသင်း ဟာ နည်းပြ အဲရစ်တန်ဟတ်ကိုပဲ လာမယ့်ရာသီဆက်ပြီး ကိုင်တွယ်စေဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆောက်ဂိတ်ဟာ သူကိုင်တွယ်နေတဲ့ ကာလအတွင်းမှာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: ESPN
![](/images/ghjghjfjhjfj.jpg#joomlaImage://local-images/ghjghjfjhjfj.jpg)
- By CNI
- Category: အားကစား
- Hits: 1125
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီက သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝကို ပြီးပြည့်စုံစေဖို့အတွက် ယူရိုပြိုင်ပွဲ မှာ ချန်ပီယံဆု ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘတ်ပီက “ကျနော် ယူရိုဖလားကို ရယူချင်ပါတယ်။ ကျနော်ဟာ ကမ္ဘာ့ဖလားကိုရော နေးရှင်းလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့ပြီးပါပြီ။ ယူရိုဖလားဟာ နိုင်ငံအသင်းနဲ့ ကျနော် မရရှိသေးတဲ့ တစ်ခုတည်းသော ဆုဖလားပါ။ အဲဒါ ကြောင့် ကျနော် ဒီဆုဖလားကို ရယူချင်ပါတယ်။ ယူရိုပြိုင်ပွဲဟာ အသင်းခေါင်းဆောင်အဖြစ်နဲ့ ကျနော့်ရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်တာကြောင့် ကျနော့်အတွက်အလွန်အရေးကြီးသလို နိုင်ငံအတွက်လည်း အလွန်အရေးကြီးပါတယ်”လို့ CNN Sport ကို ပြောခဲ့တာပါ။
ဘတ်ပီဟာ ပြင်သစ်အသင်း ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဓိကအရေးပါတဲ့သူ ဖြစ်ခဲ့ပြီး သူဟာ နောက်ထပ် ၃ နှစ်အကြာမှာ နိုင်ငံအသင်းနဲ့ နေးရှင်းလိဂ်ဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒါကြောင့် ဘတ်ပီဟာ လာမယ့်ယူရိုပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့ ချန်ပီယံဆုရယူပြီး သူ့ရဲ့နိုင်ငံတကာ ကစားသမားဘဝကို ပြီးပြည့်စုံစေဖို့ ပစ်မှတ်ထားနေတာပါ။
ပြင်သစ်အသင်းဟာ ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ် ရရှိထားပြီး နောက်ဆုံး ရရှိခဲ့တာက ယူရို ၂၀၀၀ ပြိုင်ပွဲမှာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းကို တွေ့ရစဉ်
ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ဂျာမနီအသင်းကိုသာ အရေးနိမ့်ထားပါတယ်။
ပြင်သစ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုတွင်းမှာ သြစတြီးယား၊ နယ်သာလန်၊ ပိုလန်အသင်းတို့နဲ့ ကျရောက် နေတာဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၇ ရက်မှာ သြစတြီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ပြင်သစ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်လ ၂၁ ရက်မှာ နယ်သာလန်၊ တတိယပွဲစဉ်အဖြစ် ဇွန်လ ၂၅ ရက်မှာ ပိုလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal
![](/images/jfhjghjhgjfgjghj.jpg#joomlaImage://local-images/jfhjghjhgjfgjghj.jpg)
- By CNI
- Category: အားကစား
- Hits: 723
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ ကစားသမားဘဝ အဆုံးသတ်ဖို့ စီစဉ်ထားပေမယ့် အခုအချိန်မှာ အနားယူဖို့ မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။
မက်ဆီက “အင်တာမိုင်ယာမီက ကျနော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်မယ်ထင်ပါတယ်။ အခုအချိန်မှာတော့ ဘောလုံးလောက ကနေထွက်ခွာဖို့ ကျနော်အဆင်သင့် မဖြစ်သေးပါဘူး။ ကျနော်ဟာ ဘောလုံးကစားရတာကို နှစ်သက်ပါတယ်။ အရာအားလုံးပြီးဆုံးသွားမှာကိုတော့ ကျနော် အနည်းငယ်ကြောက်မိပါတယ်”လို့ ESPN ကို ပြောခဲ့တာပါ။
ဘောလွန်းဒီအောဆုကို စံချိန်တင် ၈ ကြိမ်ရရှိထားတဲ့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီးနောက် ပြီးခဲ့တဲ့နွေရာသီက မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့အတွက်လည်း ရွေးချယ်ခွင့်ရှိနေတာပါ။
အဲဒါကြောင့်လည်း မက်ဆီက အင်တာမိုင်ယာမီအသင်းမှာ သူ့ရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
မက်ဆီကို တွေ့ရစဉ်
အသက် ၃၆ နှစ်အရွယ်ရှိ မက်ဆီဟာ ဒီရာသီ မေဂျာလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အင်တာမိုင်ယာမီ အသင်းအတွက် ၁၂ ပွဲ ကစားထားအပြီးမှာ ၁၂ ဂိုးသွင်းယူကာ ၁၃ ဂိုးဖန်တီးထားတာပါ။
မက်ဆီဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်ဖို့အတွက် လေ့ကျင့် ပြင်ဆင်နေပြီး ၂၀၂၁ ခုနှစ်က ရယူနိုင်ခဲ့တဲ့ ဆုဖလားကို ဆက်ပြီးထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲတွေမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ အီကွေဒေါအသင်းနဲ့ ခြေစမ်းပွဲစဉ်မှာတော့ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တာပါ။
ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ပီရူး၊ ချီလီ၊ ကနေဒါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အာဂျင်တီးနား အသင်းဟာ ဇွန်လ ၂၀ ရက်မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကနေဒါအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
- By CNI
- Category: အားကစား
- Hits: 411
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ဘာစီလိုနာအသင်းကြယ်ပွင့် ယာမဲလ်က စပိန်အသင်းအတွက် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားရင်း အိမ်စာတွေ လုပ်ဖို့ ယူခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
ယာမဲလ်က “ကျနော်ဟာ ယူရိုပြိုင်ပွဲကစားရင်း အိမ်စာတွေလုပ်ဖို့ ယူလာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ESO မှာ စတုတ္ထနှစ်ကျောင်းသား ဖြစ်နေလို့ပါ။ ကျနော်ဟာ အွန်လိုင်းသင်တန်းတွေလည်း တက်ဖို့ ရှိနေပြီး ဒါတွေကတော့ အဆင်ပြေပါတယ်။ ဆရာတွေ ကျနော့်ကို မရှာဖို့ပဲ မျှော်လင့်ပါတယ်”လို့ AS နဲ့ ပြုလုပ်ခဲ့ တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
အသက် ၁၆ နှစ်အရွယ်ရှိ ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဥရောပရဲ့ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရပြီး စပိန်လက်ရွေးစင်အသင်းကြီး လူစာရင်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂျော်ဂျီယာအသင်းနဲ့ပွဲမှာ စပိန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ယာမဲလ်ဟာ ဘာစီလိုနာအသင်းနဲ့ စပိန် လက်ရွေးစင်အသင်းတို့ရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာပါ။
ယာမဲလ်ကိုတွေ့ရစဉ်
စပိန်အသင်းအတွက် ၇ ပွဲ ပါဝင်ကစားခွင့်ရထားတဲ့ ယာမဲလ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရဖို့ ရှိနေတာဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက်မှာ အသက် ၁၇ နှစ်ပြည့်တော့မယ့် ယာမဲလ်ဟာ ဘောလုံးတစ်ခုတည်းကိုပဲ အာရုံစိုက်နေတာ မဟုတ်ဘဲ ပညာရေးကိုလည်း အာရုံစိုက်နေတယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ESO ဟာ အသက် ၁၂ နှစ်ကနေ ၁၆ နှစ်ကြားအရွယ်ရှိ ကျောင်းသားတွေအတွက် မသင်မနေရဖြစ်ပြီး စပိန်ပညာ ရေးစနစ်ရဲ့ တတိယအဆင့်ကို ရည်ညွှန်းတာဖြစ်ပါတယ်။
ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း ၅၀ ပါဝင်ကစားခဲ့ပြီး ၇ ဂိုးသွင်းယူကာ ၁၀ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။
ယာမဲလ်ဟာ စပိန်အသင်းအတွက် ပါဝင်ကစားထားတဲ့ ၇ ပွဲမှာ ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: Dailymail
![](/images/hfjhgjfjhfjhjfghj.jpg#joomlaImage://local-images/hfjhgjfjhfjhjfghj.jpg)
- By CNI
- Category: အားကစား
- Hits: 1358
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ပိုလန်ဘောလုံးအဖွဲ့ချုပ်က တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဒဏ်ရာကြောင့် နယ်သာလန်အသင်းနဲ့ ကစားမယ့် ပိုလန်အသင်းရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ပိုလန်နဲ့ တူရကီအသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၃၀ ကျော်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် လူစားလဲခံခဲ့ရတာပါ။
အဲဒါကြောင့် လီဝန်ဒေါစကီးဟာ ယူရိုပြိုင်ပွဲ တစ်ခုလုံးကို လွဲချော်နိုင်တယ်ဆိုပြီး စိုးရိမ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပိုလန်ဘောလုံးအဖွဲ့ချုပ်က လီဝန်ဒေါစကီးဟာ အုပ်စုပထမပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး ဒုတိယပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ အရာအားလုံးကို လုပ်ဆောင်နေတယ်လို့ နိုင်ငံအသင်းဆရာဝန်က ပြောခဲ့ကြောင်း ကြေညာချက်ထဲမှာ ထုတ်ပြန်ထားတာပါ။
အသင်းခေါင်းဆောင် လီဝန်ဒေါစကီးဟာ ပိုလန်အသင်းအတွက် ပွဲပေါင်း ၁၅၀ ပါဝင်ကစားထားပြီး ၈၂ ဂိုး သွင်းယူ ကာ နိုင်ငံအသင်းသမိုင်းမှာ ပွဲအရေအတွက် အများဆုံးနဲ့ ဂိုးအများဆုံး သွင်းယူထားတဲ့သူအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကို တွေ့ရစဉ်
လီဝန်ဒေါစကီးအပြင် ဒဏ်ရာရရှိနေတဲ့ ပါဝဲလ်နဲ့ကာရိုလ်တို့ကတော့ ၃ ရက်ကနေ ၄ ရက်အတွင်း အသင်းနဲ့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်မှာ ဖြစ်တာကြောင့် ပိုလန်အသင်းအတွက် သတင်းကောင်းဖြစ်ခဲ့တာပါ။
ပိုလန်အသင်းဟာ ယူရို ၂၀၂၄ အုပ်စု ပွဲစဉ်တွေအဖြစ် ဇွန်လ ၁၆ ရက်မှာ နယ်သာလန်အသင်း၊ ဇွန်လ ၂၁ ရက်မှာ သြစတြီးယားအသင်း၊ ဇွန်လ ၂၅ ရက်မှာ ပြင်သစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပိုလန်အသင်းဟာ ယူရိုပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အရင်ယှဉ်ပြိုင်ခဲ့တဲ့ ၄ ကြိမ်မှာ ကွာတားဖိုင်နယ် ရောက်ရှိခဲ့တာက သူတို့အတွက် အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့တာပါ။
ပိုလန်အသင်းဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ပေါ်တူဂီအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
Source: besoccer
- By CNI
- Category: အားကစား
- Hits: 724
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ယူနိုက်တက်အသင်းဘုတ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ရာသီကို သုံးသပ်မှုတွေပြုလုပ်အပြီးမှာ နည်းပြ အဲရစ်တန်ဟတ် ကို အသင်းမှာဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် သူ့ရဲ့ အနာဂတ်ဟာ မရေရာမှုတွေဖြစ်ခဲ့တာပါ။
ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက်အသင်းကို FA ဖလား ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီကို ပြန် သုံးသပ်ခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟတ်ကို ဆက်ပြီးထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့အပြင် ယူနိုက်တက် အသင်း ဟာ ၂၀၂၅ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် နည်းပြ အဲရစ်တန်ဟတ်ကို စာချုပ်သက်တမ်းတိုးဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်က ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့တဲ့ အဲရစ်တန်ဟတ်ဟာ ပထမရာသီမှာ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နဲ့ ကာရာဘောင်းဖလားရယူပေးနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီမှာတော့ အသင်းဟာ လိဂ်ပြိုင်ပွဲနဲ့ ဥရောပပြိုင်ပွဲမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် FA ဖလားရယူနိုင်ခဲ့တာက အဲရစ်တန်ဟတ်ရဲ့ ဒုတိယရာသီ ကို ကယ်တင်မှုဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဖို့ တူချယ်လ်၊ ပိုချက်တီနို၊ဒီဇာဘီ၊သောမက်စ်ဖရန့်ခ်၊မက်ကန်နာ၊ဂရေဟမ်ပေါ်တာတို့အပြင် အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်တို့နဲ့ သတင်းတွေ ထွက်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဟာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ FA ဖလားဗိုလ်လုပွဲအပြီးမှာ သူ့ကို ယူနိုက်တက် အသင်း ပိုင်ရှင်တွေက အလိုမရှိတော့ဘူးဆိုရင် ဆုဖလားတွေရယူဖို့ အခြားအသင်းတွေဆီ သွားရောက်မယ်လို့ ပြောထား တာဖြစ်ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြဟာ လက်ရှိအချိန်မှာတော့ အိုင်ဘစ်ဇာမှာ အနားယူအပန်းဖြေနေပါတယ်။
အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆက်ရှိမယ်လို့ အတည်ပြုချက်ရရှိအပြီးမှာ ရာသီကြို လေ့ကျင့်မှုတွေစတင်မယ့် ဇူလိုင်မှာ ကာရင်တန်ထံပြန်လည် ရောက်ရှိလာတော့မှာပါ။
ယူနိုက်တက်အသင်းဟာ ဇူလိုင် ၁၅ ရက်မှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ရိုဆင်ဘော့အသင်းနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ် ထားတာဖြစ်ပါတယ်။
Source:ESPN
- By CNI
- Category: အားကစား
- Hits: 1718
CNI Sport News
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ အိုင်ယာလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက ၂ ဂိုးသွင်းယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ခြေစမ်းပွဲတွေမှာ မပါဝင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသကာ ၂ ဂိုးသွင်းယူခဲ့တာပါ။
ပေါ်တူဂီအသင်းအတွက် နောက်ထပ်သွင်းဂိုးကို ဂျာအိုဖီးလစ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ပေါ်တူဂီကစားသမားဘဝ ၂၀၇ ပွဲမှာ ၁၃၀ ဂိုးအထိ သွင်းယူထားတာပါ။
ယူရို ၂၀၀၄ ပြိုင်ပွဲကတည်းက ပေါ်တူဂီအသင်းအတွက် ပါဝင်ခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ယူရို ၂၀၂၄ ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံး ယူရိုပြိုင်ပွဲဖြစ်ဖို့ ရှိနေပါတယ်။
ရော်နယ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းဖော် ရူဘင်နာဗက်စ်က အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ နိုင်ငံအသင်းကို ၂၀၀ ရာခိုင်နှုန်း ကူညီပေးမယ်ဆိုတာကို သိတယ်လို့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
ရူဘင်နာဗက်စ်က “သူနဲ့ ကစားရတာက ဘယ်လိုခံစားရလဲဆိုတာကို ဖော်ပြဖို့ ကျနော့်မှာ စကားလုံးမရှိပါဘူး။ သူဟာ ဒီပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီး ယူရိုပြိုင်ပွဲမတိုင်ခင် ကောင်းမွန်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ သူဟာ မျှော်လင့်ချက်တွေ အလွန်မြင့်မားပြီး နိုင်ငံအသင်းကို ၂၀၀ ရာခိုင်နှုန်း ကူညီပေးမယ်ဆိုတာ ကျနော်တို့သိပါတယ်”လို့ RTE ကို ပြောခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ တူရကီ၊ ချက်၊ ဂျော်ဂျီယာအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေ ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၈ ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: BBC