CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ရှိ ဒေသခံများ၏ နွား ၂၇ ကောင်ကို ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းမှ ဒီဇင်ဘာ ၁၃ ရက်နေ့က ခိုးယူသွားခဲ့ကြောင်း နွားခိုးယူခံရသူများက CNI သတင်းဌာနသို့ ပြောသည်။

ဒေသခံ ၉ ဦး၏ နွားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းမှ လာရောက် ခိုးယူသွားခြင်း ဖြစ်သည်ဟု နွား အကောင် ရေ ၅ ကောင် ခိုးယူခံခဲ့ရသည့် တောင်ပြိုလက်ဝဲမြို့ ဒေသခံ ဦးအေးမောင်က ပြောသည်။

၎င်းက “နွားကျတော့ ကျနော်တို့ မြေပြင်မှာ ဒီအတိုင်းပဲ လွှတ်ထားပါတယ်။ အဲဒါကို နေ့ခင်း ၃ နာရီလောက် နွား တွေကို လိုက်ရှာတယ်။ နွားရှာရင်း ရှာရင်းနဲ့ နောက်ပြီးမှ နွားမရှိဘူး။ ခြေရာလည်း ကျနော်တို့ သွားတွေ့တယ်။ ကျနော်တို့ ခြံစည်းရိုးပိုင်းပေါ့ အဲဒီကနေ ယူသွားတာပါ။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကို စုံစမ်းပြီးတော့ လေ့လာတဲ့အခါမှာ ကုလားတွေ ယူသွားတယ်လို့။ ကုလားတွေ ယူသွားတဲ့အချိန်မှာ အဲဒီမှာ BGB နဲ့ တွေ့ပြီး BGB စခန်းမှာ သိမ်းပေးထားတယ်လို့ ကျနော်တို့ ကြားခဲ့တယ်။ အဲဒီဘက်ခြမ်း ကုလားတွေက ကျနော်တို့ နွားတွေကို ခိုးသွားတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ တွေ့ပြီး ဖမ်းဆီးပြီးတော့ စခန်းမှာ သိမ်းပေးထားတယ်လို့ ကျနော်တို့ စုံစမ်းပြီး သိခဲ့တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တောင်ပြိုလက်၀ဲမြို့ ဆိုင်းဘုတ်ကိုတွေ့ရစဉ်

တောင်ပြိုမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနီးစပ်ဆုံး ရှိနေသည့် နယ်စပ်ဒေသဖြစ်ပြီး ခြံစည်းရိုးတစ်ခုသာ ခြား ကြောင်း သိရသည်။

နွားများ ခိုးယူခံရသည့် အချိန်တွင် ဒေသခံများက နွားခြေရာများနောက် လိုက်၍ကြည့်ရာတွင် ခြံစည်းရိုး၌ အပေါက်များ တွေ့ရသည်ဟု ဒေသခံများက ပြောသည်။
နွားများ ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်ပြီး မြန်မာဘက်ခြမ်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စာ တင်ထားသော် လည်း တစ်စုံတစ်ရာ အကြောင်းပြန်လာခြင်း မရှိသေးကြောင်း တောင်ပြိုလက်ဝဲမြို့၏ ရပ်ကွက်တစ်ခုမှ အုပ်ချုပ် ရေးမှူးတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၁၃ ရက်နေ့က ပျောက်တာပါခင်ဗျ။ ၂၇ ကောင်ပါ။ အဲဒါက တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက် သွားပါတယ်။ အဲဒါကို ကျနော်တို့လည်း သွားကြည့်တော့ မြင်ပါတယ်ခင်ဗျ။ သူတို့က ပြန်မပေးတာ။ ဘင်္ဂလားဒေ့ရှ် ဘက်က BGB စခန်းမှာ မြင်ပါတယ်ခင်ဗျ အဲဒါကို။ ကျနော်တို့ဘက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို စာ တင်ထားပါ တယ် ခင်ဗျ။ အထွေထွေ အုပ်ချုပ်ရေးမှူးကိုတော့ ကျနော်တို့ စာမတင်ရသေးပါဘူး။ ဘာမှတော့ အကြောင်းမပြန်၊ အခုထိလည်း အကြောင်းမရသေးဘူးခင်ဗျ” ဟု ပြောသည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို စောင့်ကြည့်နေစဉ်

အဆိုပါ နွားများ ခိုးယူခံရမှုသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ တောင်ပြိုဒေသခံ ၉ ဦး၏ နွားများ ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း၊ တစ်ဦးလျှင် နွားအကောင်ရေ ၁ ကောင်မှ ၅ ကောင်အထိ ဖြစ်ကြောင်း၊ ထိုနွားများ၏ လက်ရှိ ပေါက်ဈေးသည် တစ်ကောင်လျှင် အနည်းဆုံး ၈ သိန်းမှ ၁၀ သိန်းအထိ ရှိကြောင်း ဦးအေးမောင်က ပြောသည်။

၎င်းက “ကျနော်တို့က နွားတွေကို မရှိမဲ့ ရှိမဲ့နဲ့ ကျွေးမွေးထားရပါတယ်။ ချွေးနဲစာနဲ့ ကျနော်တို့ ကျွေးမွေးထားရ ပါတယ် ကျနော်တို့ နွားတွေကို။ ကျနော်တို့မှာ ရှိတယ်ဆိုလို့ အဲဒီနွားတွေပဲ ရှိပါတယ်။ ကျနော်တို့ နွားတွေကို တိုက်ပွဲတွေ ဖြစ်တာတောင်မှ ပဋိပက္ခတွေ ဖြစ်တာတောင်မှ အဲဒီနွားကိုထားပြီး ဘယ်မှ မသွားပါဘူး ကျနော်တို့။ ဖြစ်နိုင်ရင်တော့ ကျနော်တို့နွားကို ကျနော်တို့ အမြန်ဆုံး ပြန်လိုချင်ပါတယ်။ လက်ရှိ ပေါက်ဈေးနဲ့ ဆိုရင်တော့ နွားအကြီး ၁ ကောင်ဆိုရင် ၁၀ သိန်းလောက် တန်ပါတယ်။ အနည်းဆုံးတော့ ၈ သိန်းလောက် ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

နွားများကို လယ်ထွန်သည့် နေရာတွင် အသုံးပြုရန်အတွက် မွေးမြူထားကြခြင်း ဖြစ်သည့်အတွက် ပျောက်ဆုံးသွား သည့် နွားများ အမြန်ဆုံး ပြန်လည် ရရှိရန် ဒေသခံများက မျှော်လင့်နေကြသည်။