CNI News

၂၀၂၄ ခုနှစ်၊ မေလ ၁၆

ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်နိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဥပဒေရေးဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ထံမှ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေခြင်းနှင့် ဈေးနှုန်း မမှန်မကန် ရွှေရောင်းချနေမှုများကို အရေးယူနိုင်ရန်အတွက် ရွှေရောင်းဝယ်မှုကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ရွှေဈေးကွက်အား ပြန်လည်ထိန်းနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု  ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါက ရေးဆွဲနေပြီ မကြာခင် ဥပဒေ ထွက်လာမယ်။ ရွှေရောင်းဝယ်ခြင်းကို အရေးကြီးကုန်စည် ဥပဒေ အဖြစ် သတ်မှတ်တယ် အဲဒါအတွက် ဥပဒေ သီးခြားထွက်လာမယ်။ လေပတ်ကားတွေကို ထောင်ချ အရေးယူ မယ်ပေါ့။ ဆိုင်သမားလည်း တချို့ဆိုင်တွေ ဈေးနှုန်း မမှန်မကန် ရောင်းတာတွေ ရှိတယ်ပေါ့။ အဲဒါတွေ အရေး ယူမယ်ပေါ့။ အဓိကကတော့ လေပတ်ကားတွေပါပဲ။ အဲဒီဥပဒေက ထောင်ဒဏ်တွေပါတယ်ပေါ့။ အခုဟာက ဆိုင်သမားက မမှန်မကန် ရောင်းဝယ်ရင်လည်း ၃ လပဲ ယာယီအရောင်းပိတ်တာကိုး။ နောက်ပြီးရင် ပြန်ဖွင့်ပေး တာပဲ။ အဲဒီဥပဒေ ထွက်လာရင်တော့ ဆိုင်သမားကလည်း ဥပဒေနဲ့အညီ လုပ်ရမယ်။ ဘယ်သူတွေ ပါဝင်လဲဆို တော့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရေးဆွဲတာ။ အရင် ရှိပြီးသား ညွှန်ကြား ချက်တွေမှာ ဥပဒေပြစ်ဒဏ် ထပ်ထည့်တဲ့ဟာမျိုး ဖြစ်မှာပါ” ဟု ပြောသည်။

ရွှေထည်များကိုတွေ့ရစဉ်

ရွှေရောင်းဝယ်ရေးလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဥပဒေထွက်ပေါ်လာချိန်တွင် ရွှေဈေးကစား ခြင်း၊ ရွှေဈေးနှုန်း မတည်မငြိမ်ဖြစ်ခြင်းများ ပပျောက်သွားမည်ဖြစ်ကြောင်း၊ ထို့နောက် ရွှေဈေးကစားသူများကို ထိုဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် ရွှေရောင်းဝယ်ရေးနှင့် ပတ်သက်ပြီး ရွှေဆိုင်များနှင့် လုပ်ငန်းရှင်များကို အကြောင်းအမျိုးမျိုးပြ၍ ထိန်းချုပ်နေမှုများ ရှိနေခြင်းကြောင့် ရွှေဆိုင်များက ရွှေဝယ်ယူရောင်းချရာ၌ ဘောင်ချာတွင် ဈေးတမျိုးရေးကာ ရောင်းချနေရကြောင်း သိရသည်။

ထို့အပြင် တချို့သော ရွှေဝယ်ရောင်းများက တရားမဝင်သဘောဖြင့် ရောင်းချနေကြရခြင်းနှင့် နယ်စပ်ဖြတ်ကျော် ရွှေတရားမဝင် တင်ပို့ခြင်းများ စသည့် မှောင်ခိုရောင်းဝယ်မှုများ ဖြစ်ပေါ်လျက် ရှိနေသည်။

လက်ရှိ လုပ်ဆောင်နေသည့် ရွှေရောင်းဝယ်ရေးကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ် ဥပဒေပြဋ္ဌာန်းရန် လုပ်ဆောင်နေခြင်းသည် ခဏတာအတွက်သာ မှောင်ခိုရောင်းဝယ်မှုများအပေါ် သက်ရောက်နိုင်မည်ဖြစ်ကြောင်း ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

ရွှေထည်များကိုတွေ့ရစဉ်

၎င်းက “သက်ရောက်မှုကတော့ ရှိမှာပဲ။ အစိုးရက လုပ်တာဆိုတော့ သက်ရောက်မှုက မရှိဘဲ မနေဘူး။ ကောင်းကျိုးနဲ့ ဆိုးကျိုးဆိုတော့ ကျနော့်အမြင်ကတော့ ဆိုးဖို့ ပိုများမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ထိန်းချုပ်ဖို့ မသင့်တဲ့ ပစ္စည်းတစ်ခုကို ထိန်းချုပ်လိုက်တဲ့ ပုံစံပဲပေါ့လေ။ ဘာဖြစ်လာမလဲဆိုတော့ နောက်ပိုင်းကျ presser များလာရင် ထပေါက်သွားမယ် အဲဒီလိုမျိုးပေါ့နော်။ ခဏတာအတွက် အသုံးဝင်ပါလိမ့်မယ်၊ ရေရှည်ကြီး တော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးက ဘယ်လိုလာမလဲ မသိသေးဘူး။ တကယ်တမ်း ပြောရရင် ဒီဘက်ကို တအားကြီး ဖိအားပေးနိုင်တဲ့ အနေအထားမှာ မရှိသေးဘူး။ အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်မယ်လို့ ပြောခဲ့တာ ကြာခဲ့ပြီ ဘယ်နှလလောက်တောင် ရှိနေပြီလဲ။ ဘာတွေပပျောက်သွားနိုင်လဲဆိုတော့ အဓိကကတော့ မှောင်ခိုတွေမှာ အဓိက သွားထိမှာပေါ့။ နောက်ပြီးတော့ ဘာဖြစ်လာမလဲဆိုတော့ မြို့ပေါ်တွေ မှာတော့ များသောအားဖြင့်တော့ အရောင်းအဝယ် ရပ်တန့်သွားနိုင်တယ် ဈေးတန်းတစ်ခုမှာ။ ခဏပေါ့လေ။ အချိန် အတိုင်းအတာတစ်ခုအထိတော့ အရောင်းအဝယ်ရပ်တန့်သွား လိမ့်မယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းရွှေဈေးနှုန်းသည် သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးအဖြစ် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းကျော်ကို ရောက်ရှိလာနေပြီ ဖြစ်သည်။

ထို့နောက် ရွှေနှင့် ပတ်သက်၍ ထိန်းချုပ်မှုများ လုပ်ဆောင်နေခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးများသာ ဖြစ်ပေါ်လာနိုင်ပြီး လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ရှိသူများအနေဖြင့် ရွှေဈေးကွက်အပေါ် ဖိအားပေးနိုင်သည့် အနေအထားမရှိကြောင်း ရွှေဈေးကွက် လေ့လာသူများနှင့် လုပ်ငန်း ရှင်များက ထောက်ပြကြသည်။