CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂

ပြည်တွင်း မတ်ပဲဈေးနှုန်းသည် လက်ရှိတွင် ဈေးနှုန်းမြင့်တက်လျက်ရှိနေသော်လည်း ယခုနှစ် အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်အရ ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်သည်ဟု ပဲကုန်သည်များက ပြောသည်။

အိန္ဒိယနိုင်ငံအတွင်း ယခုနှစ် မတ်ပဲအထွက်နှုန်း လျော့ကျနေခြင်းနှင့် အိန္ဒိယ ပဲကုန်သည်များက ရွေးကောက်ပွဲ အပြီး ပဲဈေးထပ်မံမြင့်တက်လာနိုင်သည်ကို မျှော်မှန်းပြီး ကြိုတင်သိုလှောင်နေကြကြောင်း သိရသည်။

ထို့နောက် လာမည့် ၄ လအတွင်း အိန္ဒိယနိုင်ငံ၏ ပဲဈေးကွက်သည် မြန်မာနိုင်ငံ၏ မတ်ပဲအပေါ်တွင် မူတည်နေ သည်ဟု အိန္ဒိယပဲကုန်သည်များက ခန့်မှန်းထားသည့်အတွက် ပြည်တွင်း မတ်ပဲဈေးနှုန်းသည် ထပ်မံမြင့်တက် လာနိုင်သည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မတ်ပဲကတော့ ဈေးက တက်လာအုံးမှာပဲ။ ဘာလို့ဆို လက်ရှိမှာက သူတို့က ရွေးကောက်ပွဲပြီးကာလမှာ ပဲဈေးတက်မယ်ဆိုပြီး တချို့ကလည်း ပဲတွေ ဝယ်လှောင်ထားကြတယ်။ ဒီနှစ်က မတ်ပဲက ထင်မှတ်ထားတာ ထက်ကို မတ်ပဲ အထွက်နှုန်း ကျတယ်ဗျ၊ အိန္ဒိယမှာ မတ်ပဲ အထွက်နှုန်းကျတယ်။ မတ်ပဲအထွက်နှုန်း ကျတဲ့အထဲ မှာ ဈေးကွက် ဝယ်လိုအားကလည်း အရမ်းများတယ်၊ အဲဒီလို ဖြစ်နေတယ် အဲဒါကြောင့်မို့လို့။ ဒီမှာကလည်း ကျနော်တို့ဆီမှာ တောင်သူတွေကလည်း ဈေးတက်လာအုံးမလားဆိုပြီး မတ်ပဲကို ထိန်းရောင်းနေကြတာရှိတယ်။ သို့သော်ငြားလည်း ဈေးတက်နေတယ် ဈေးတက်လာတယ်ဆိုပေမယ့် အိန္ဒိယက မတ်ပဲလိုအပ်ချက် အရမ်းများ တယ်။ နောက် သူတို့ယူစရာကလည်း မတ်ပဲက ကိုယ့်ဆီကပဲ ယူစရာရှိတယ် ဖြစ်နေတယ်။ ဆိုတဲ့အခါကျတော့ နောက်ပိုင်း လာမယ့် ၄ လ အတောအတွင်း သူတို့ဘက်က ခန့်မှန်းထားတာတော့ သူတို့ဆီမှာရှိတဲ့ မတ်ပဲဈေးကွက် က မြန်မာနိုင်ငံမှာရှိတဲ့ မတ်ပဲပေါ်မှာပဲ မူတည်လိမ့်မယ် အဲဒီလောက်ထိကို ခန့်မှန်းထားကြတယ်။ ဒီက ဈေးနှုန်း ဘယ်လောက်ကြီးကြီး သူတို့ ဝယ်ရမယ့် အနေအထားရှိတယ် လာမယ့် ၄ လအတွင်း” ဟု ပြောသည်။

မြန်မာ့မတ်ပဲကိုတွေ့ရစဉ်

အိန္ဒိယနိုင်ငံက မြန်မာ့မတ်ပဲကို နှစ်စဉ် တန်ချိန် ၅၀,၀၀၀ အနိမ့်ဆုံး ဝယ်ယူမည်ဟု နှစ်နိုင်ငံသဘောတူစာချုပ် MOU ရေးထိုးထားသော်လည်း မြန်မာနိုငံမှ ထွက်ရှိသမျှ မတ်ပဲများကို ဝယ်ယူလျက်ရှိသည်။

ယခုနှစ်တွင် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ကြီးမြင့်ခြင်းကြောင့် မတ်ပဲများကို လျှော့ချစိုက်ပျိုးထားသည့် အတွက် ပြည်တွင်းမတ်ပဲ အထွက်နှုန်းသည် လျော့ကျလျက်ရှိနေကြောင်း၊ ယခင်နှစ်များတွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲ တန်ချိန် ၇၀၀,၀၀၀ အထိ တင်ပို့ထားနိုင်သော်လည်း ယခုနှစ်တွင် တန်ချိန် ၅၀၀,၀၀၀ သိန်းခန့်သာ တင်ပို့ နိုင်မည်ဟု သိရသည်။

လက်ရှိတွင် ပြည်တွင်း မတ်ပဲဈေးနှုန်း အနေဖြင့် ၁ တင်းလျှင် မြန်မာကျပ်ငွေ ၁၁၀,၀၀၀ ကျပ် ရရှိနေသော်လည်း ယခင်နှစ် ဈေးကွက်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း ထပ်မံမြင့်တက်ရန် လိုအပ်နေသေးသည်ဟု ပဲကုန်သည် ကိုမောင်မောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့မတ်ပဲကိုတွေ့ရစဉ်

၎င်းက “တကယ်တော့ မတ်ပဲ ရာသီအစမှာ ၉၀,၀၀၀ ဝန်းကျင်လောက် စတယ်။ ၁၁၀,၀၀၀ လောက် ရောက်သွားတယ်။ အဲဒါကြောင့် ကျနော်ပြောတာ ဒါက ဈေးတက်လာတယ် ထင်ရတာ၊ ဒါပေမယ့် တကယ်တမ်း ကျတော့ ဈေးက ပုံမှန်အားဖြင့် ပြောမယ်ဆိုရင် ဈေးက ထပ်တက်ဖို့ လိုနေသေးတယ်။ ဘာလို့လဲဆိုတော့ အရင် တုန်းကဆိုရင် မတ်ပဲက ၁ တင်းကို ၈၀,၀၀၀ ဝန်းကျင်၊ ၉၀,၀၀၀ ဝန်းကျင်၊ ၇၀,၀၀၀ ဝန်းကျင်လောက် ဖြစ်လာ တယ်ဆိုတာ သူ့အစ မူလအစက သုံးသောင်းခွဲ ၊ ၄၀,၀၀၀ အဲဒီလောက်ကနေ စတာ။ အခုက ရာသီပေါ် စကတည်း က ဈေးခေါ်တာ ၉၀,၀၀၀ နဲ့စတာ။ ၉၀,၀၀၀ နဲ့စတာ အခု ၁၁၀,၀၀၀ ကျော်ပဲရှိတာ။ ဒါက ဈေးတက်လာတယ်လို့ ပြောလို့မရသေးဘူး။ သို့သော်ငြားလည်း တစ်ခုတော့ရှိတယ်။ လာမယ့် ဒီဇင်ဘာလောက်အထိကို စောင့်ကြည့်ရမှာ ပေါ့။ ဒီဇင်ဘာလောက်ဆို ဈေးအမြင့်ဆုံး ဘယ်လောက်ထိ တက်မလဲပေါ့။ ဒီဇင်ဘာလောက်အထိက ဈေးအမြင့် ဆုံး တက်တဲ့အချိန်” ဟု ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲ တန်ချိန် ၃၀၀,၀၀၀ ခန့် တင်ပို့ထားပြီး ပြည်တွင်းတွင် မတ်ပဲလက်ကျန် အနေဖြင့် တန်ချိန် ၂၀၀,၀၀၀ ခန့် ကျန်ရှိနေကြောင်း၊ တောင်သူများနှင့် ကုန်သည်များသည်လည်း မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်မည်ကို ခန့်မှန်းနေကြခြင်းကြောင့် ထိန်း၍ တင်ပို့လျက်ရှိသည်။

မတ်ပဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့တွင် အများဆုံး စိုက်ပျိုးပြီး ပဲခူးတိုင်းဒေသ ကြီးတွင်လည်း စိုက်ပျိုးကြကြောင်း၊ အဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ပြီး တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသို့လည်း အနည်းငယ်သာ တင်ပို့မှုရှိသည်။