CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂

ထိုင်းတွင် မြန်မာလုပ်သားများ၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များက အလွဲ သုံးစားပြုလုပ်သည့်အတွက် ထိုင်းအာဏာပိုင်များ၏ ဝရမ်းထုတ်ခြင်းကို မြန်မာလုပ်သားများခံနေကြရကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ကိုယ်စားလှယ်များက လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလိုသူများထံ အခကြေးငွေယူပြီး ပေးအပ်ခဲ့ကြ သဖြင့် ဘဏ်စာရင်းများတွင် ငွေအဝင်/အထွက်များခြင်း၊ စုဆောင်းငွေများပြားခြင်း စသည့်ကိစ္စများကြောင့် ထိုင်းအာဏာပိုင်များက ဘဏ်စာရင်းပိုင်ရှင် မြန်မာများကို ဖမ်းဝရမ်းထုတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါကိစ္စမျိုးကို ထိုင်းတောင်ဘက်အခြမ်းတွင် မတွေ့ရသေးကြောင်း၊ လုပ်သားများ၏ ဘဏ်စာအုပ်နှင့် ATM ကဒ်များအား အလုပ်ရှင်သူဌေး၊ ကိုယ်စားလှယ်များထံ သိမ်းထားကြရာတွင် နှစ်ဦးသဘောတူသိမ်းထားခြင်းများ ရှိသလို သဘောမတူသော်လည်း သိမ်းထားခံရခြင်းများလည်းရှိကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်‌ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

အထည်ချုပ်စက်ရုံလုပ်သားများ

“ဒါပေမယ့် ကျနော်တို့ ဒီဘက်မှာ အဲဒီလိုမျိုး သက်ဆိုင်ရာကနေ ဖမ်းဆီးတာမျိုးတော့ မတွေ့သေးဘူး။ တကယ် က ဘဏ်နဲ့ပတ်သက်တဲ့ဟာတို့ကြ ကိုယ့်ရဲ့ personal ဥစ္စာ ကိုယ်ပဲသိမ်းထားသင့်တာ။ ဒါပေမယ့် သူတို့ဆီမှာ ဘယ်လိုသိမ်းထားလဲတော့မသိဘူး။ သူတို့ဆီမှာဆိုတာက MOU သမားတွေပေါ့။ အေဂျင်စီနဲ့ ဘယ်လို သဘော တူညီချက်ရထားလဲပေါ့ အဲဒါတော့ မပြောတတ်ဘူး။ စာချုပ်ထဲမှာ ဘယ်လိုရေးထားလဲပေါ့။ အဲဒီတော့ သဘောတူညီမှုရထားလို့ ကုမ္ပဏီကသိမ်းထားမယ် အဲဒါမျိုးလုပ်ထားတယ်ဆို ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒါကလည်း ပြောရမယ်ဆို အဓိပ္ပါယ်တော့မရှိဘူး။ ရေလုပ်သားတွေဆိုရင် သူတို့ရဲ့ ဘဏ်စာအုပ်တို့ ဘာတို့ ဆိုတာက များသောအားဖြင့် သူတို့မမြင်ရဘူး။ အလုပ်ရှင်တွေက များသောအားဖြင့် သိမ်းထားတာများတယ်။ သဘောတူလို့ သိမ်းထားတာရှိတယ်” ဟု ၎င်းက ပြောသည်။

PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MOU မြန်မာလုပ်သားများသည် ထိုင်းသို့ ရောက်ရှိချိန်တွင် MOU ကုမ္ပဏီများမှ စီစဉ်ပေးသည့် ဘဏ်များ၌ ဘဏ်စာရင်း ဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ကြရသည်။

ထိုသို့ ပြုလုပ်ချိန်တွင် ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးသောကြောင့် MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း ဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်အား ကိုယ်စားလှယ်အချို့မှ ထိန်းသိမ်းထားခြင်းတို့ကို ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကိုယ်စားလှယ်များ၏ အလွဲသုံးစားလုပ်မှုများကြောင့် ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကို ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခြင်း၊ ထွက်ပြေး တိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေရကြောင်း သံရုံးမှ ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းဘဏ်အကောင့် ဖွင့်သည့်အခါ နှင့် ဖုန်းဆင်းမ်းကဒ်များ ဝယ်ယူသည့်အခါတွင် အခြားသူ အမည်ခံပြီး မဝယ်ယူကြရန် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရေလုပ်သားများ

“တယ်လီဖုန်းဆင်းမ်ကဒ်တွေ မှတ်ပုံတင်ထားတဲ့အခါမှာ အမှန်က ကာယကံရှင် ကိုယ်တိုင်ရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်ကို မှတ်ပုံတင်ပြီးမှ ဆင်းမ်ကဒ်တွေလုပ်ရတယ်။ ပြီးရင် ဘဏ်အကောင့်ဖွင့်တဲ့အခါမှာ အဲဒီ ဆင်းမ်ကဒ်နဲ့ ဖွင့်ရပါတယ်။ သို့သော် လွယ်လင့်တကူ ဆိုင်တွေမှာက အသင့်ပြုလုပ်ပြီးသား မှတ်ပုံတင်ပြီးသား မည်သည့် နာမည် ပေါက်လို့ပေါက်မှန်းမသိတဲ့ဟာနဲ့ မှတ်ပုံတင်ထားတဲ့ ကဒ်တွေကို ထည့်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေကို ပြန်လည်စစ်ဆေးပြီးမှ လိုအပ်ရင် အရေးယူမယ်ဆိုတာမျိုး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာအပါအဝင် ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ် လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ပေးရန် အလုပ်သမားဝန်ကြီးဌာနက အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၆ ရက်တွင် ကြေညာထားသည်။

လူသစ် ဘတ်ရိုက်ပေးရန်အတွက် အချက်သုံးချက်ကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး တရားမဝင်ရောက်ရှိနေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့် လက်မှတ်အသစ် ပြုလုပ်ပေးရန်ဖြစ်ကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံသို့ ရောက်နှင့်ပြီးသား ဖြစ်ရမည်ဖြစ်ပြီး အလုပ်ရှင်ထံတွင် အလုပ်လုပ်နေရမည်ဖြစ်ကြောင်း သိရသည်။