CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃

ထိုင်းရှိ မြန်မာနိုင်ငံသားများအနေဖြင့် သံရုံး၌ အထောက်အထား အပါအဝင် အခြားသော ကိစ္စရပ်များဖြင့် သွားရောက်ကြသည့်အခါတွင် အခွန်ဆောင်ပြီးကြောင်း အထောက်အထားများ ပြသနိုင်မှသာ ကူညီဆောင်ရွက် ပေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

သံရုံး၌ တစ်စုံတစ်ခု သွားရောက် ပြုလုပ်ကြရာတွင် အခွန်ဆောင်ပြီးကြောင်း မပြသနိုင်ပါက ကူညီဆောင်ရွက် ပေးခြင်းမျိုးမရှိဘဲ အခွန်ဆောင်ပြီးမှသာ ဆက်လက် ကူညီဆောင်ရွက်ပေးခြင်းသည် မဖြစ်သင့်ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF)မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါအင်မတန် မဖြစ်သင့်တဲ့ကိစ္စပါ။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သံရုံးဆိုတာက သူ့နိုင်ငံသားတွေရဲ့ အခက် အခဲကို ကူညီဖြေရှင်းပေးရမယ့် တာဝန်ပါ။ အခုက ငွေရဖို့ သက်သက်ကို ကြည့်ပြီးတော့မှ လုပ်ဆောင်မှုတစ်ခု လုပ်မယ် ဆိုတိုင်း ဆိုတိုင်း အခွန်တွေ အရင်ဆောင်ခိုင်းတယ်။ အဲဒီအခွန်ဆောင်တဲ့ ပြေစာရှိမှ ကျန်တဲ့ အကျိုးတော်ဆောင်တွေကို လုပ်ပေးမယ်ဆိုတဲ့ အကျပ်ကိုင်ပြီးမှ ငွေညှစ်နေတာမျိုးတွေ တွေ့နေရပါတယ်” ဟု ပြောသည်။

ထိုင်းရှိ မြန်မာသံရုံးကို တွေ့ရစဉ်

ပြည်ပနိုင်ငံအသီးသီးတွင် အလုပ်သွားလုပ်နေသူများအနေဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်ဟု သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများမှ ထုတ်ပြန်ထားကြသည်။

သို့သော် ယခုနောက်ပိုင်းတွင် အခွန်ဆောင်ထားကြောင်း အထောက်အထားအပြင် မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်းအား လွှဲပို့ထားကြောင်း ပြေစာများကိုပါ တောင်းလာကြောင်း၊ ထိုအခြေအနေများကြောင့် အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများထံသို့ အကူအညီတောင်းခံမှုများ ရှိလာကြောင်း ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲလိုကတော့ ဟုတ်တယ်။ ကျနော်တို့ ဒီဘက်တွေမှာ တောင်းလာတာ။ အဲဒါက နစ်နာကြေးထုတ်ပေးတဲ့ ကုမ္ပဏီတို့ ဒါမှမဟုတ်လည်း လူမှုဖူလုံရေးရန်ပုံငွေအဖွဲ့တို့ သူတို့ကနေ လက်ခံတယ်ဆိုရင်တော့ အဆင်ပြေတာ ပေါ့။ သူတို့က လက်မခံဘူးဆိုရင်၊ သူတို့က လက်မခံဘူးဆိုတာက ထောက်ခံစာသည် များသောအားဖြင့်က သံရုံးရဲ့ ထောက်ခံစာမှ ရတာကို။ အဲဒီတော့ ဒီမှာက တကယ်လို့ သံရုံးထောက်ခံစာကို အလုပ်သမားကလည်း ခုနကလို အကြောင်းကြောင်းကြောင့်၊ ဒါမှမဟုတ်လည်း အခွန်တွေဘာတွေ မဆောင်ရသေးတဲ့ အတွက်ကြောင့် မပေးနိုင်တဲ့ အတွက်ကြောင့် မရဘူးဆိုလို့ရှိရင် နစ်နာကြေးဘာညာပေးမယ့် ကုမ္ပဏီလား သူတို့အပေါ်မူတည်တယ်” ဟု ပြော သည်။

ထိုင်းရှိ မြန်မာသံရုံးကို တွေ့ရစဉ်

၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ပြင်ဆင်လိုက်တာဖြစ်၍ အောက်တိုဘာ ၁ ရက်မှစတင်ကာ ထိုပြဋ္ဌာန်းချက် အသက်ဝင်သွားခြင်းဖြစ်သည်။

လစဥ် လစာ၏  ၂၅ ရာခိုင်နှုန်း သို့မဟုတ် သုံးလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းထံ တရားဝင် လမ်းကြောင်းဖြင့် လွှဲပို့ရမှာ ဖြစ်သည့်အပြင် အောက်တိုဘာ ၁ ရက်မှစတင်ကာ ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ အပေါ် နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးဆောင်ရန် သတ်မှတ်ထားသည်။

ပြည်ပနိုင်ငံများသို့ ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ၏ လစာဝင်ငွေခွန်အား နည်းလမ်း ၂ မျိုး ဖြင့် တွက်ချက် ကောက်ခံနေခြင်းဖြစ်ပြီး နိုင်ငံခြားငွေဖြင့် ရရှိသည့် တစ်လစာ ဝင်ငွေအပေါ်တွင် ဝင်ငွေခွန်ဥပဒေ အရ ခွင့်ပြုထားသော သက်သာခွင့်များကို နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း ၂ ရာခိုင်နှုန်းဖြင့် တွက်ချက်ခြင်းဖြင့် ပေးဆောင်နိုင်သည်။

ထို့အပြင် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာခွင့်များ နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက် အခွန်နှုန်း ထားဖြင့် တွက်ချက်ခြင်းဖြင့်လည်း ပေးဆောင်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။