CNI International News

ဘေကျင်း၊ ဇွန်လ ၁၄

အမေရိကန်သည် တရုတ်နိုင်ငံအတွင်းရှိ ဝီဂါ (Uygur) မွတ်ဆလင်များနှင့် ဆက်နွှယ်မှုရှိသည့် တရုတ်ကုမ္ပဏီများ ထံမှ တင်ပို့ရောင်းချသော သွင်းကုန်များကို ပိတ်ပင်သည့်စာရင်းကို ဇွန်လ ၁၁ ရက်တွင် အွန်လိုင်းမှ ထုတ်ပြန်ခဲ့ သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

နောက်ဆုံး ပစ်မှတ်ထားသည့် ပိတ်ပင်မှုစာရင်းတွင် ဖိနပ်များထုတ်လုပ်သည့် Dongguan Oasis Shoes ကုမ္ပဏီ၊ အလူမီနီယံထုတ်လုပ်သည့် Xinjiang Shenhuo Coal and Electricity ကုမ္ပဏီ၊ Rizhao Meijia Group ကုမ္ပဏီဟု လူသိများသည့် အစားအစာများ ပြုပြင်ထုတ်လုပ်သော Shandong Meijia Group ကုမ္ပဏီတို့ ပါဝင်ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန(DHS)က ထုတ်ပြန်ခဲ့သည်။

ထိုပိတ်ပင်မှုများမှတစ်ဆင့် DHS သည် ရှင်ကျန်း (Xinjiang) ဒေသ၏ အဓိကစီးပွားရေး လုပ်ငန်းများဖြစ်သည့် ပင်လယ်စာများ၊ အလူမီနီယံများနှင့် ဖိနပ်များ တင်သွင်းမှုကို အာရုံစိုက် စောင့်ကြည့်သွားမည်ဖြစ်သည်။

ထို့ပြင် အမေရိကန် စျေးကွက်များတွင် အဓမ္မလုပ်သား စေခိုင်းမှုများနှင့် ဆက်နွှယ်သည့် ထုတ်ကုန်များ မရှိစေရန် လည်း လုပ်ဆောင်သွားမည်ဟု သီးခြား ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြခဲ့သည်။

 ဝီဂါလူမျိုးတွေကို စောင့်ကြည့်နေတဲ့ တရုတ်လုံခြုံရေးတစ်ဦးကိုတွေ့ရစဉ်

တရုတ်၏အနောက်ပိုင်း ရှင်ကျန်းဒေသတွင် လူနည်းစုများအား ဖိနှိပ်မှုများရှိနေသည်ဟု အမေရိကန်က ပြောကြား ထားသော ဖြစ်စဉ်များနှင့်ဆက်နွှယ်သည့် ကုမ္ပဏီအချို့ကို ဝီဂါအဓမ္မလုပ်သားစေခိုင်းမှု ကာကွယ်ရေးအက်ဥပဒေ စာရင်း၌ ထည့်သွင်းပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

တရုတ်အာဏာပိုင်များသည် ရှင်ကျန်းဒေသရှိ ဝီဂါမွတ်ဆလင်များနှင့် အခြားလူနည်းစု မွတ်ဆလင်များအတွက် ချွေးတပ်စခန်းများ တည်ဆောက်ခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သော်လည်း တရုတ်ကမူ အဓမ္မ လုပ်သားစေခိုင်းမှုများမရှိကြောင်း ငြင်းဆိုခဲ့သည်။

အမေရိကန်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပန်းယုက မှတ်ချက်ပေးခဲ့ရာ တွင် ရှင်ကျန်းဒေသ၌ အဓမ္မလုပ်သား စေခိုင်းမှုများရှိသည့် စွဲချက်များသည် ဟုတ်မှန်ခြင်းမရှိကြောင်း၊ ထိုစွပ်စွဲ ချက်များသည် တရုတ်ကို ဆန့်ကျင်သည့် အင်အားစုများ၏ ဝါဒဖြန့်မှုများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝီဂါအဓမ္မလုပ်သားစေခိုင်းမှု ကာကွယ်ရေးအက်ဥပဒေနှင့်ပတ်သက်ပြီး လျူက မှတ်ချက်ပေးရာတွင် ထိုဥပဒေသည် ရှင်ကျန်းဒေသ၌ နေထိုင်သူများ၏ လူ့အခွင့်ရေးကို ဆိုးရွားစွာ ထိပါးစေရုံသာမကဘဲ ကမ္ဘာလုံးဆိုင်ရာစက်မှု လုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပြီး နိုင်ငံတကာ ကုန်သွယ်ရေးစည်းကမ်းများ ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: SCMP