CNI International News

ဂျီနီဗာ၊ ဇွန်လ ၁၄

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု အခြေအနေသည် လွန်ခဲ့သည့် ၆ နှစ်ကထက် ပိုမိုပျံ့နှံ့လာခဲ့ပြီး ဆင်းရဲမွဲတေမှု ပိုမိုမြင့်တက်လာကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။

ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းခန့်သာ ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုများ မြင့်တက်နေမှု၊ လုပ်သားအင်အား ပြတ်လပ်မှု၊ ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်ရန် ခက်ခဲလာသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တွင် လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂ ရာခိုင်နှုန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ယခုနှစ် မတ်လက အဆုံးသတ်ခဲ့ သည့် ဂျီဒီပီဖွံ့ဖြိုးတိုးတက်မှုကို ၁ ရာခိုင်နှုန်းအဖြစ် ခန့်မှန်းခဲ့သည်။

လက်နက်ကိုင်တစ်ဦးကို တွေ့ရစဉ်

“ငွေကြေးဖောင်းပွမှု၊ လုပ်သားအင်အား ရှားပါးမှု၊ နိုင်ငံခြားငွေကြေး ပြတ်လပ်မှုနဲ့ လျှပ်စစ်ဓာတ်အား ပြတ်လပ်မှု တွေကြောင့် ၂၀၂၄-၂၅ အတွက် ဖွံ့ဖြိုးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေ တွေအားလုံးဟာ အရင်က ခန့်မှန်းထားခဲ့တဲ့ စီးပွားရေးလှုပ်ရှားမှုတွေအပေါ် ကြီးကြီးမားမား သက်ရောက်နိုင်ခြေ ရှိပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မြန်မာ့တပ်မတော်က တုန့်ပြန်ခဲ့ခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ အခြားလက်နက်ကိုင် အဖွဲ့သစ်များနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လူပေါင်း ၃ သန်းကျော် အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဆင်းရဲမွဲတေမှု နှုန်းသည် ၃၁.၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

“ဆင်းရဲမွဲတေမှုရဲ့ ဆိုးရွားမှုနဲ့ ဆင်းရဲတွင်း နက်ရှိုင်းမှုတို့ဟာ ၂၀၂၃-၂၄ ခုနှစ်တွေမှာ ပိုမိုဆိုးရွားလာပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု အခြေအနေဟာ လွန်ခဲ့တဲ့ ၆ နှစ်ကထက်ပိုပြီး ခိုင်ခိုင်မာမာ အမြစ်တွယ်လာခဲ့ပါတယ်”ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

သတင်းစာ ရောင်းချသူ ၂ ဦးကိုတွေ့ရစဉ်

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ ထွက်ခွာသူ အရေအတွက် ပိုမိုများပြားလာခြင်းသည် ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် လုပ်သားအင်အား ပြတ်လပ်မှုကို ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်သည် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် တရုတ်နှင့် ထိုင်းနယ်စပ်ရှိ အဓိကနယ်မြေ အချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသဖြင့် ထိုဒေသများတွင် ကုန်သွယ်ရေးများ သိသာစွာ လျော့ကျခဲ့သည်။

“သဘာဝဓာတ်ငွေ့ ပို့ဆောင်မှုတွေကလွဲပြီး တစ်ခြားပို့ကုန်တွေကို နယ်စပ်က တင်ပို့မှုတွေဟာ ၄၄ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။ နယ်စပ်ကတစ်ဆင့် သွင်းတဲ့သွင်းကုန်တွေကလည်း ထက်ဝက်လောက် လျော့ကျခဲ့ပြီး သွင်းကုန် စုစုပေါင်းရဲ့ ၇၁ ရာခိုင်နှုန်းလောက် လျော့ကျခဲ့ပါတယ်”ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လမတိုင်မီ ခြောက်လအတွင်း ကုန်စည်ပို့ကုန်များ ၁၃ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး သွင်းကုန်များ သည် ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ကာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

Source: ရိုက်တာ