CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ကုန်စည်တင်သွင်းနေသည့် ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

နယ်စပ်ဒေသလုံခြုံရေး အကြောင်းပြချက်ဖြင့် ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ စတင်၍ အိန္ဒိယနိုင်ငံက ပိတ်လိုက်ခြင်းဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံမှ ကုန်စည်ကို ပလက်ဝမြို့နယ်မှတဆင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်သို့ ပြန်လည်တင်သွင်းကြသည်ဟု သိရသည်။

လက်ရှိ ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ် ပေးလိုက်ခြင်းကြောင့် အိန္ဒိယကုန်စည် များသည် ပလက်ဝနှင့် ကျောက်တော်မြို့နယ်များအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော မြို့နယ်များအတွက် အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ပလက်ဝဒေသခံ ဦးအောင်ဒင်က CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်- ကျောက်တော်သွား ကုလားတန်မြစ်ကိုတွေ့ရစဉ်

၎င်းက “ဖွင့်လိုက်ပြီဆိုတာက မနေ့က ကျနော့် ဝန်ထမ်းတစ်ယောက် အိန္ဒိယကို သွားတာတွေ့တယ်။ ဒါပေမယ့် တရားဝင်နဲ့လား၊ နဂိုလိုပဲ နားလည်မှုနဲ့လား မပြောတတ်ဘူး။ တချို့ ရခိုင်ဘက်က တင်လို့မရတဲ့ ကုန်စည်တွေ အိန္ဒိယထွက်ကုန်တွေတော့ ဝင်လာလို့တော့ ရမှာပေါ့။ အဲဒါပဲ ရှိမယ်။ ဈေးကတော့ သူ့ဟာသူပေါ့။ ပလက်ဝ အတွက်ပဲ ပြောတာ။ ရခိုင်အထိတော့ ရောက်နိုင်မယ်မထင်ဘူး။ ဘာလို့ဆို ပုဏ္ဏားကျွန်းနဲ့ စစ်တွေကြားထဲ လုံးဝကို မရဘူး။ ပလက်ဝ - ကျောက်တော်အထိတော့ ဖြစ်နိုင်တယ်။ ကုန်သွယ်စီးဆင်းမှု မရတော့ ဒေသခံတွေက မနှစ်က လက်ကျန်လေးတွေ နည်းနည်းနဲ့ စားသောက်နေရတော့ တအားကြီး အစာရေစာတော့ ငတ်ပြတ်တယ် မရှိဘူး လေ။ ကုန်ဈေးနှုန်း တက်တယ်” ဟု ပြောသည်။

ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်း မပိတ်ခင်ကာလတွင် ရခိုင်ကုန်သည်များသည် အိန္ဒိယကုန်စည်များ ကို ပလက်ဝမြို့နယ်မှတဆင့် ရေလမ်းကြောင်းအသုံးပြု၍ တစ်ရက်လျှင် စက်လှေ အစီးရေ ၂၀ ခန့်ဖြင့် ကုန်စည် တင်သွင်းကြကြောင်း သိရသည်။

အဓိကအားဖြင့် နေ့စဉ်သုံး ကုန်စည်နှင့် စက်သုံးဆီများကို တင်သွင်းကြပြီး ရခိုင်ပြည်နယ်အတွင်း ပြန်လည် ရောင်းချကြသည်။

ယခုအခါမှာတော့ ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်စည်ပြတ်လပ်ခြင်း အထိုက်အလျောက် သက်သာသွားနိုင်သည်ဟု စစ်တွေဒေသခံ ဦးတင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်- ကျောက်တော်သွား ကုလားတန်မြစ်ကိုတွေ့ရစဉ်

၎င်းက “ကုန်ဈေးနှုန်းတွေ အထိုက်အလျောက် ကြီးနေတဲ့အချိန်မှာတော့ ကုန်သွယ်မှု လမ်းကြောင်းလေးတွေ တစ်ခုခု ရှိလာပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အထိုက်အလျောက်လေးတွေကတော့ ကျဆင်းသွားနိုင်တဲ့ အနေအထား လေးတွေတော့ ရှိပါတယ်။ ပစ္စည်းပြတ်လပ်မှုတွေ ဘာတွေ လျော့လာပြီဆိုရင်တော့ ကုန်ဈေးနှုန်း ကြီးမြင့်မှုက လည်း အထိုက်အလျောက် လျော့ကျသွားနိုင်မယ်ဆိုတဲ့ အနေအထားလေးကတော့ ဒေသခံ တစ်ယောက်အနေနဲ့ အဲဒီလောက်ပဲ ပြောနိုင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ စတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုလမ်းကြောင်း အားလုံးကို ပိတ်ထားသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ထို့အတူ ကျောက်တော်မြို့နယ်မှတဆင့် ပလက်ဝဒေသသို့ ကုန်စည်စီးဆင်းမှုများလည်း ပြတ်တောက်သွားပြီး ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်ရှိ ဒေသခံများသည် ပလက်ဝ - မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို အားထားနေရခြင်း ဖြစ်သည်။