CNI News

၂၀၂၄ ခုနှစ်၊ ဇွန် ၁၄

ထိုင်း-မြန်မာနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သား ပေါများနေပြီး လုပ်သားမရှားပါးသည့် အခြေအနေ ဖြစ်သော ကြောင့် ထိုင်းအလုပ်ရှင်များမှ လုပ်ခလစာ တိုးမပေးချင်ကြကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် နယ်စပ်၌ ယခင်ရှိခဲ့သည့် ရွှေ့ပြောင်းလုပ်သား နှုန်းထားထက် နှစ်ဆခန့် ပိုမိုပေါများလာပြီး လုပ်ငန်းခွင်နှင့် လုပ်သားဦးရေ နှိုင်းယှဉ်ပါက လုပ်သားဦးရေမှာ ပိုများနေသဖြင့် ထိုင်းအလုပ်ရှင်များမှ လုပ်ခလစာ တိုးမပေးချင်ကြခြင်းဖြစ်ကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “များလာတဲ့အခါကြတော့ နယ်စပ်ဒေသတွေမှာက ရှိတဲ့လုပ်ငန်းခွင်နဲ့ လုပ်သားနဲ့ဆို လုပ်သား အရေ အတွက်က ပိုများနေတာပေါ့။ များနေတဲ့အခါကြတော့ တိုးပေးမယ်လို့ အစိုးရကပြောနေတယ် အခြေခံ လုပ်ခလစာတွေ တိုးမြှင့်ပေးမယ်လို့ အခြား ထိုင်းအလုပ်သမားသမဂ္ဂတွေ တောင်းဆိုနေတယ် လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ် ဆိုပေမယ့်လို့ လုပ်ငန်းရှင်တွေဘက်က ဒီဘက် နယ်စပ်ဘက်မှာ တိုးမပေးချင်ဘူး။ ဘာလို့ဆို သူတို့က လုပ်သား အင်အားပေါနေတာ။ လုပ်သားအင်အားပေါ နေတယ်ဆိုတာက ဈေးပေါပေါနဲ့ သုံးလို့ရတဲ့အထိ ပေါနေတာပေါ့လေ။ ကြိုက်တဲ့လူခေါ်လို့ရတယ် အရင်တုန်းကလို မဟုတ်တော့ဘူး။ ဒီတစ်ဖွဲ့မလုပ်ချင်ဘူးဆို ရတယ် တစ်ဖွဲ့လုံး ပစ်သွားလို့ရတယ်။ နောက်တစ်ဖွဲ့ လာရင်လာတယ်။ အဲဒီလိုမျိုးဖြစ်နေတာပေါ့။ ပြောချင်တာ ကတော့ လုပ်သားဦးရေများတယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် အလုပ်သမားမှတ်ပုံတင်ရုံးရောက် မြန်မာအလုပ်သမားများ (ဓာတ်ပုံ − EPA)

နယ်စပ်ဒေသများ၌ လုပ်ငန်းနှင့် လုပ်သားဦးရေ မမျှတခြင်းမှာ လုပ်ငန်းအရေအတွက် နည်းသွားခြင်းကြောင့် မဟုတ်ဘဲ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြသည့် လုပ်သားအင်အား များလာနေခြင်းကြောင့်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။

ထို့အပြင် ဝင်ရောက်လာကြသူ များပြားလာသဖြင့် နေထိုင်ခွင့် လုံခြုံ‌ရေးကိစ္စများကြောင့် အထောက်အထားများ ပြုလုပ်ကြသည့်အခါတွင် ငွေကြေးအရှုပ်အရှင်းများ ရှိလာကြောင်းလည်း သိရသည်။

လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီဇာဝေါ့ပါမစ် ( Visa-Work permit ) သက်တမ်းကုန်ကြမည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် လေးနိုင်ငံမှ လုပ်သားများအနေဖြင့် နယ်စပ်ဆင်း၍ သက်တမ်းတိုးရမည်ဟူ၍လည်း သတင်းများထွက်ပေါ်နေကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ထိုသို့ နယ်စပ်ဆင်း၍ သက်တမ်းတိုးရမည်ဆိုပါက မြန်မာနိုင်ငံဘက်သို့ သွားရောက်သက်တမ်းတိုးရခြင်းမျိုး မဟုတ်ဘဲ ထိုင်းဘက်အခြမ်းတွင်သာ သက်တမ်းတိုးနိုင်ရေးကို တောင်းဆိုထားကြောင်း အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (LRF) မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့ရှိ စက်ရုံတစ်ခုအတွင်းမှ မြန်မာလုပ်သားတစ်ဦးကို ၂၀၁၈ အတွင်းက မှတ်တမ်း တင်ထားစဉ် (ဓာတ်ပုံ – AFP)

၎င်းက “ကျ‌နော်တို့တောင်းဆိုတာ ထိုင်းနိုင်ငံအတွင်းမှာပဲ စာရွက်စာတမ်းတွေ အားလုံးကို ပြန်လည်ပြီးမှ ပြုလုပ် ပေးဖို့ပဲ တောင်းဆိုတာ တစိုက်မတ်မတ်ပါ။ သို့သော် သူတို့အနေနဲ့ စီစဉ်လို့ နယ်စပ်မှာ လုပ်ရမယ်ဆိုရင်လည်း ကျနော်တို့ အမြင်မှာတော့ ကိုယ့်မြန်မာနိုင်ငံတို့ဘာတို့ ပြန်ပြီးမှ စာချုပ်ချုပ်ပြီး လုပ်တာထက်စာရင် အသက် အန္တရာယ်လည်းမရှိဘူး၊ ဘေးဒုက္ခအန္တရာယ်လည်း မရှိတဲ့အတွက်ကြောင့် နယ်စပ်မှာ သွားလုပ်တာဟာ ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုရှိမယ်လို့ မသုံးသပ်ပါဘူး” ဟု ပြောသည်။

လက်ရှိထိုင်းနိုင်ငံတွင် တရားမဝင် အထောက်အထားမဲ့များအား နေထိုင်အလုပ်လုပ်ခွင့် ဘတ်ပန်းရောင်ကဒ် ပြုလုပ်ပေးရန် ထိုင်းအစိုးရမှ အတည်ပြုထားပြီး တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးရန် ၄ လတာ ကြာမြင့်မည့် စစ်ဆင်ရေးကိုလည်း ဆောင်ရွက်ရန် လုပ်ဆောင်နေသည်။

ထို့ကြောင့် တရားမဝင် အထောက်အထားမဲ့များအနေဖြင့် သတိပြု သွားလာပြီး အလုပ်လုပ်ကိုင်ကြရန်နှင့် ဘတ်ပန်းရောင်ကဒ် ဖွင့်ပေးသည့်အချိန်တွင် ပြုလုပ်ထားကြရန် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက် နေသူများက အကြံပြုသည်။