CNI International News 

ဘန်ကောက် ဇွန်လ ၁၄

ထိုင်းနိုင်ငံတွင် “khao niao mamuang” ဟု လူသိများသည့် သရက်သီး အုန်းနို့ဆမ်း ထမင်းသည် ကမ္ဘာတစ်ဝန်းရှိ အစားအစာနှင့် အဖျော်ယမကာများကို အဆင့်သတ်မှတ်သည့် TasteAtlas အွန်လိုင်း ပလက်ဖောင်းတွင် သရက်သီး ပါဝင်သည့် ဟင်းပွဲ ၂၆ ပွဲအနက် ဒုတိယအကောင်းဆုံး ဟင်းပွဲအဖြစ် သတ်မှတ်ခံခဲ့ရသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ဆန်ပူတင်း အမျိုးအစားထဲတွင် ထည့်သွင်း သတ်မှတ်ခံရသည့် ထိုဟင်းပွဲသည် ထိုင်းနိုင်ငံ၏ ရိုးရာအချိုပွဲတစ်ခု ဖြစ်ပြီး ထိုဟင်းပွဲတွင် ထမင်း၊ အုံးနို့နှင့် သရက်သီးမှည့်တို့ဖြင့် ပြုလုပ်ထားသည်။

စားသုံးပုံမှာ ပူပူနွေးနွေး ချက်ပြုတ်ထားသည့် ထမင်းပေါ်ကို အုန်းနို့အရည်လောင်းချပြီး သရက်သီးမှည့်ကို အစိတ်လိုက်လှီးကာ အပေါ်မှတင်ပြီး သုံးဆောင်ရခြင်းဖြစ်သည်။

ထိုဟင်းပွဲကို ထိုင်းနိုင်ငံ၏ စားသောက်ဆိုင်တိုင်းတွင် တွေ့ရပြီး အလွန်နာမည်ကြီးသည့် အချိုပွဲ အမျိုးအစား ဖြစ်သည်။

ထိပ်ဆုံးနေရာတွင် ရှိနေသည့် သရက်သီး ပါဝင်သော ဟင်းပွဲများထဲတွင် အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် (Maharashtra)မှ “aamras”အမည်ရှိ ဟင်းပွဲဖြစ်ပြီး တတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံ၏ သရက်သီးရေခဲမုန့် ဖြစ်သည်။

ထိုင်းနိုင်ငံရဲ့  “khao niao mamuang” သရက်သီးအချိုပွဲကိုတွေ့ရစဉ်

ထို့နောက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်မှ သရက်သီး ပါဝင်သည့် အသီးအရွက်သုတ်၊ အိန္ဒိယနိုင်ငံမှ သရက်သီးချတ်တနီတို့က အစဉ်လိုက် ရပ်တည်နေသည်။

ထိုစာရင်းတွင် ပါဝင်သည့် အခြား ထိုင်းဟင်းလျာများ စာရင်းတွင် သရက်သီးစိမ်းကို ငံပြာရည်ဖြင့် တွဲဖက် စားသုံးရသည့် သရေစာ၊ သရက်သီးစိမ်းသုတ်များလည်း ပါဝင်ခဲ့သည်။

ဧပြီလ အတွင်းကမှ TasteAtlas  ဝက်ဘ်ဆိုဒ်သည် ထိုင်းနိုင်ငံတောင်ပိုင်း၏ ရိုးရာ အစားအစာဖြစ်သည့် kaeng tai pla ဟင်းပွဲကို ကမ္ဘာ့အဆိုးရွားဆုံး ဟင်းပွဲအဖြစ် သတ်မှတ်ခဲ့သည်။

ထိုဟင်းပွဲသည် အရည်ခပ်ပျစ်ပျစ်နှင့် ချက်ပြုတ်သည့် ငါးဟင်းလျာဖြစ်ပြီး အချဉ်ဖောက်ထားသည့် ငါးကလီစာ များကို ငရုတ်သီးမှုန့်၊ ပဒဲကော၊ ငါးပိ၊ နနွင်း၊ ကြက်သွန်ဥနီ အသေးနှင့် စပါးလင်တို့ဖြင့် ချက်ပြုတ်ထားသည့် ဟင်းပွဲဖြစ်သည်။

Source: Thai PBS World