CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃

ပြင်သစ်ကစားသမား ဂရစ်ဇ်မန်းက ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ သင်ခန်းစာကို သင်ယူထားတယ်လို့ ပိုလန်အသင်းနဲ့ ကစားမယ့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်ခင် ပြောလိုက်ပါတယ်။

ဂရစ်ဇ်မန်းက “ ဆွစ်ဇာလန်နဲ့ ပွဲတုန်းက ကျနော်တို့ အလွန် စိတ်အေးလက်အေး ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော်တို့ ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ပွဲပြီးဆုံးသွားခဲ့ပြီလို့ တွေးခဲ့ကြတာပါ။ ပြိုင်ပွဲကြီးတွေမှာ လွယ်ကူတဲ့ ပြိုင်ဘက် မရှိဘူးဆိုတာ သဘောပေါက်လာခဲ့တယ်။ ပိုလန်နဲ့လည်း ဒီလိုပါပဲ။ ဘယ်အရာမှ အာမခံချက် မရှိပါဘူး။ ပွဲအစကနေ အဆုံးအထိ အာရုံစိုက်ဖို့ လိုပါလိမ့်မယ်”လို့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ပြင်သစ်အသင်းဟာ ဆွစ်ဇာလန်နဲ့ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲတုန်းက ၃ ဂိုး- ၁ ဂိုးနဲ့ ဦးဆောင် နေခဲ့ပေမယ့် ၂ ဂိုး ဆက် တိုက် ပေးခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဂရစ်ဇ်မန်းက ဆွစ်ဇာလန်နဲ့ ပွဲစဉ်ကလို မဖြစ်အောင် ပိုလန်အသင်းနဲ့ ပွဲမတိုင်ခင်မှာ သတိပေး ပြောကြားခဲ့တာပါ။

ပြင်သစ်နဲ့ ဆွစ်ဇာလန် ယှဉ်ပြိုင်နေစဉ်

ပိုလန်အသင်းမှာ အဓိက စားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ဂိုးသမား ဆက်ဇနီတို့ ရှိနေတာ ဖြစ်ပါတယ်။ ဆက်ဇနီဆိုရင် အုပ်စုတွင်း ၃ ပွဲမှာ မက်ဆီရဲ့ ပင်နယ်တီ အပါအဝင် ပင်နယ်တီ ၂ လုံးကို ကာကွယ်ထားနိုင် ခဲ့တာ ပါ။

ပိုလန်အသင်းဟာ အုပ်စုတွင်းမှာ ဆော်ဒီကို အနိုင်ရပြီး မက္ကဆီကိုနဲ့ သရေ၊ အာဂျင်တီးနားကို အရေးနိမ့်ကာ အုပ်စု ဒုတိယနဲ့ ၁၆ သင်း အဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲမှာ ပင်နယ်တီ ကန်သွင်းခွင့် မရသေးပေမယ့် ပိုလန်နဲ့ပွဲမှာ ရခဲ့မယ်ဆိုရင် ဘယ်သူက ကန်သွင်းမလဲဆိုတာကိုတော့ ဂရစ်ဇ်မန်းက ပြောခဲ့ခြင်း မရှိပါဘူး။

ဂရစ်ဇ်မန်းက “ ဘယ်သူ ပင်နယ်တီ ကန်မလဲဆိုတာ ကျနော်တို့အတွက် အလွန်ရှင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ဇနီကို ဘာအချက်အလက်မှ ပေးသွားမှာ မဟုတ်ပါဘူး။ သူက လုံလောက် နေပြီးသားပါ။ အံ့အားသင့် သွား အောင် ဒါကို ထိန်းထားလိုက်မယ်”လို့ ပြောခဲ့တာပါ။

ပြင်သစ်နဲ့ ပိုလန်တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်နဲ့ ဆီနီဂေါတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA