CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁

ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းဟာ ရာသီသစ်မတိုင်ခင် အကြွေးတွေနဲ့အတူ ဘဏ္ဍာရေးအခက်အခဲတွေ ရင်ဆိုင်နေရတာကြောင့် သူတို့ရဲ့ ပထမတစ်သင်းလုံးကို အရောင်းစာရင်းတင်ခဲ့တယ်လို့ သိရပါတယ်။

ဆီဗီလာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာရလဒ်တွေဆိုးခဲ့ပြီး တန်းဆင်းဇုန်အနားထိ ရောက်ခဲ့ ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံဆုကို စံချိန်တင် ၇ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။ ဆီဗီလာအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရိုးမားအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဆီဗီလာအသင်းဟာ အခုလာမယ့်ရာသီသစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိခဲ့ ပါတယ်။

ဒါပေမယ့် စပိန်ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေတွေဟာ စိုးရိမ်စရာတွေရှိလာခဲ့ပြီး သူတို့မျှော်လင့်ထားတဲ့ အရာ တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်လာခဲ့တာပါ။ MARCA က ဆီဗီလာအသင်းဥက္ကဋ္ဌ ကတ်စထရိုက အသင်းဟာ ယူရိုသန်း ၉၀ အကြွေးတင်ရှိနေတဲ့အကြောင်း နည်းပြဖြစ်သူ မန်ဒီလီဘာကို အသိပေးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒါ ကြောင့်လည်း ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့တဲ့ အသင်းသားတွေအားလုံးဟာ အခု နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းခွင့်ရရှိသွားခဲ့တာပါ။

ဆီဗီလာအသင်းဟာ အဓိက ကစားသမား တစ်ဦး ဒါမှမဟုတ် နှစ်ဦးကို ရောင်းချရုံနဲ့ ဒီအခြေအနေဖြေရှင်းဖို့ မလုံလောက်တာကြောင့် ကစားသမားအများအပြားကို ရောင်းချဖို့ လိုအပ်နေတာဖြစ်ပါတယ်။ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ အန်နက်ဆရီ၊ ဘိုနိုနဲ့ အိုကမ်ပို့စ်တို့ဟာ ရောင်းချခံရနိုင်တဲ့ ပထမဆုံးကစားသမား တွေအဖြစ် သတင်းတွေထွက်နေပြီး ခေါ်ယူချင်တဲ့ အသင်းတွေကလည်း ဒီကစားသမားတွေကို စတင်ပြီး ချိတ်ဆက်မှုပြုလုပ်နေတာပါ။

ဆီဗီလာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေ ပြေလည်သွားဖို့အတွက် ကစားသမားအများအပြားကို ရောင်းချ ခဲ့မယ်ဆိုရင်တောင် ပြိုင်ပွဲအရပ်ရပ်မှာ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source:Sportbible